၂၃ ဩဂုတ်၂၀၂၅
NUG နဲ့ ထိတွေ့ဆက်ဆံတာမလုပ်ရဆိုတဲ့ မူအပါအဝင် တရုတ်အစိုးရရဲ့ ကြီးမားတဲ့
ဖိအားနဲ့ အရေးယူခံရတာကို ရင်ဆိုင်နေရတာကြောင့် လက်နက်နဲ့ငွေကြေး မပံ့ပိုးနိုင်တော့တဲ့အပေါ် နားလည်ပေးဖိုနဲ့ ကိုယ့် အားကိုယ်ကိုး ပြဿနာဖြေရှင်းနိုင်စွမ်း ရှိရမယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ရဲ့ဒုတိယဥက္ကဌ ဦးကျောက်ကော်အမ်းက ပြောပါတယ်။
ဒါအပြင် တရုတ်အစိုးရဘက်က ၀ပြည်ရဲ့လူပုဂ္ဂိုလ်တွေကို ဖမ်းဆီးတဲ့အပြင် ပိုင်ဆိုင်တာတွေကို ချိတ်ပိတ်ခဲ့တာတွေဟာနှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား အခုအနေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီလိုပြောကြားခဲ့တာဟာ ဩဂုတ်၂၀ ရက် ဝဒေသ ပန်ဆန်းမြို့မှာ UWSA က ရှမ်းမြောက်ဒေသမှာရှိတဲ့တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ TNLA ၊ MNDAA ၊ SSPP တို့နဲ့ တွေ့ဆုံခဲ့စဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
“မိမိတို့အားလုံးဟာ တိုင်းရင်းသားဖြစ်တဲ့အကြောင်းတွေကြောင့် စာနာနား လည်မှုစိတ်နဲ့ အဖွဲ့အစည်း အသီးသီးကို ကာလအသီးသီးမှာ တက်စွမ်းသမျှကူညီထောက်ပံ့တာတွေပေးခဲ့ပြီး အဖွဲ့အစည်းတွေရဲ့တောင်းဆိုချက်တွေကိုအတက်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်။ ၁၀၂၇ စစ်ဆင်ရေး လှုပ်ရှားမှုဟာတရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမြောက်ပိုင်းစစ်ရေးပဋိပက္ခ မဖြစ်ပွားစေရေး၊ အဖွဲ့အစည်းတွေအနေနဲ့ NUG နဲ့ထိတွေ့ဆက်ဆံမှု မပြုရေး၊ ပြင်ပအင်အားစုကို မြန်မာနိုင်ငံ မြောက်ပိုင်းထဲကိုမဆွဲခေါ်လာရေးစတဲ့ မူဝါဒကိုဖျောက်ဖျက်ခဲ့ရတယ်”လို့ ဦးကျောက်ကော်အမ်းက ပြောကြားထားပါတယ်။
ဒီလို ဖြစ်လာတဲ့အကြောင်းအရင်းဟာ ဝဘက်က အဖွဲ့အစည်းအသီးသီးအပေါ်လက်နက်၊ ငွေကြေးနဲ့သွားလာမှု လမ်းကြောင်းအဆင်ပြေစေရေးစတဲ့ထောက်ပံ့တာတွေအပေါ် တရုတ်အစိုးရဘက်က ကန့်ကွက်ခဲ့တာဖြစ်ပြီး လတ်တလောအခြေအနေအရ တရုတ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းအထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မည်သည့် စစ်ရေးပဋိပက္ခ
ဖြစ်ပွားတာကိုလုံး၀သည်းမခံမှာမဟုတ်ဘူးလို့ ဦးကျောက်ကော်အမ်းက ပြောကြားထားပါတယ်။
ရှမ်းမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခတွေအတွက် ဝ ဘက်က အဖွဲ့အစည်းအသီးသီးကို လက်နက်ထောက်ပံ့တာမရပ်တန့်ရင် တရုတ်အစိုးရဟာ ၀ ပြည်အပေါ် အခုအရေးယူတာထက် ပိုမိုဆောင်ရွက်သွားမှာဖြစ်သလို တရုတ်ဟာ ပြောတဲ့အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“တရုတ်အစိုးရအနေနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ အရေးယူတာတွေ ၀ပြည် အနေနဲ့ မခံနိုင်တဲ့ ဖိအားဖြစ်ပြီး နှစ် ၄၀ ကျော်ဖြတ်သန်းလာရတဲ့အကြီးမားဆုံး သေရေးရှင်ရေးကိစ္စဖြစ်ပါတယ်။ တရုတ်ဟာ ၀ပြည်နယ်အပေါ် အရေးယူဆောင် ရွက်နေတာကို တိုးမြှင့်လာရင် ရလဒ်ကို စဉ်းစားဖို့ မခက်ခဲပါဘူး။ ၀ပြည်နယ်ဟာအဖွဲ့အစည်းအသီးသီးအတွက် တရုတ်ဘက်က ကြီးလေးတဲ့ ဖိအားကို တောက် လျှောက်ခံနေရပါတယ်။အရင်က တရုတ်ဘက်က ၀ပြည်နယ်ကို ဖြောင့်ဖျပြောဆိုတာနဲ့ ဖိအားပေးတာကို အဖွဲ့အစည်းတွေကို မပြောပြဘဲ တိတ်တဆိတ်ဘဲခံစားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမျက်မှောက်မှာ တရုတ်ဘက်က ၀ပြည်နယ်ကိုသတိ ပေးတဲ့ အတိုင်းအတာကို နှုတ်နဲ့သတိ ပေးတာသာမက လက်တွေ့ဆောင်ရွက်တာကိုပါ တိုးမြှင့်ဆောင်ရွက်နေပြီး ပိုမိုများပြားတဲ့ နောက်ဆက်တွဲဆောင်ရွက်တာတွေလည်းရှိနေပါတယ်” လို့ ဦးကျောက်ကော်အမ်းက ပြောပါတယ်။
တဆက်တည်းမှာဘဲ “တရုတ်က လက်ရှိမှာ ၀ပြည်နယ်ဘက်က အဆွေတို့ အဖွဲ့အစည်းတွေကို စစ်ရေးပဋိပက္ခ ဖြစ်ပွားတဲ့အပေါ် ထောက်ပံ့တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ၀ပြည်နယ်အစိုးရ အဖွဲ့အစည်း၊ ကုမ္ပဏီ ၊တဦးတယောက်နဲ့ သာမန်အရပ်သားတွေရဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ခြွင်းချက်မရှိပိတ်ဆို့ အရေးယူခံနေရပြီးလက်ရှိမှာ တရုတ်ယွမ်ငွေ ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ပေါက်ကျွန်းဖုန်း ပြဿနာဟာလည်းအခုအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့အဓိကအကြောင်းအရင်းတခုဖြစ်တယ်။ သူဟာ ၀ပြည် ရဲ့ သေရေးရှင်ရေးကိစ္စနဲ့ပတ်သက်နေတယ်” လို့ ဦးကျောက်ကော်အမ်းကပြောကြားထားပါတယ်။
UWSA ရဲ့ ဒုတိယ စစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွန်းဖုန်း ကို လက်ရှိမှာ တရုတ်အစိုးရက ဖမ်းဆီးထားတယ်လို့ နားလည်ထားရပါတယ်။
ဒါကြောင့် လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို အဖွဲ့အစည်းတွေထံရင်ဖွင့် ပြောပြတာ ဖြစ်ပြီး UWSA ရဲ့အရေးကြီးသော တရားဝင်ဆုံးဖြတ်ချက်တွေကိုနားလည်ပေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
လက်ရှိ အဖွဲ့အစည်းအသီးသီးဟာ စစ်အင်အားတောင့်တင်းပြီး၊ ထိန်းချုပ်နယ် မြေတွေလည်း ယခင်ထက်မက ကျယ်ပြန့်စွာတိုးချဲ့နိုင်လာတာကြောင့် စစ်ရေးဘက်မှာဖြစ်စေ၊ စီးပွားရေးဘက်တမှာဖြစ်စေစုဆောင်းရရှိခဲ့တဲ အတွေ့အကြုံနဲ့ ငွေကြေးအင်အားကိုမိမိကိုယ်မိမိအားကိုးပြီးဖွံ့ဖြိုးနိုင်တဲ့ အခြေအနေကိုရောက်ရှိနေပြီလို့ ဦးကျောက်ကော်အမ်းက ပြောခဲ့တာပါ။
ဒါ့ကြောင့် ညီနောင်အဖွဲ့အစည်းတွေကို မည်သည့်ပုံစံ၊ မည်သည့်အကြောင်းအရင်း၊ မည်သည့် အချိန်နေရာတွင်မဆို လက်နက်ပစ္စည်းထောက်ပံ့ပေးတာ၊ သွားလာမှုလမ်းကြောင်း ကူညီပေးတာနဲ့ ငွေကြေးထောက်ပံ့တာတွေပြုလုပ်ပေးတော့မှာမဟုတ်ဘူးလို့ ဦးကျော်ကောက်အန်းက ပြောခဲ့ပါတယ်
UWSA ဦးဆောင်ပြီး MNDAA ၊ TNLA ၊ SSPP တို့ကို တွေ့ဆုံခဲ့တဲ့အပေါ် UWSA ဘက်က ယယခုလိုအသိပေး ထုတ်ပြန်ခဲ့ပေမယ့် MNDAA ၊ TNLA ၊ SSPPတို့ဘက်က တွေဆုံတဲ့အပေါ် သီးခြားထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးတာ တွေရပါတယ်။
ဓာတ်ပုံ-UWSA


