Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်ရဲ့တရုတ်ခရီးစဉ််် မှာ ရွေးကောက်ပွဲအတွက် တရုတ်ထောက်ခံချက်ကို မျှော်လင့်နေ

စစ်ခေါင်းဆောင်ရဲ့တရုတ်ခရီးစဉ််် မှာ ရွေးကောက်ပွဲအတွက် တရုတ်ထောက်ခံချက်ကို မျှော်လင့်နေ

၃၀ ဩဂုတ် ၂၀၂၅

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဩဂုတ် ၃၀ ရက်မှာပဲ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ဒီခရီးစဥ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တချို့နဲ့ တွေ့ဖို့ရှိတယ် လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ခရီးစဥ်အတွင်း တရုတ်နိုင်ငံ ထျန်းကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) ကို တက်ရောက်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဘေဂျင်းမှာ ကျင်းပပြုလုပ်မယ့် တရုတ်ပြည်သူတွေရဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် ၈၀ ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူလုပ်မယ့်ရွေးကောက်ပွဲအတွက် တရုတ်အစိုးရဆီက ထောက်ခံမှုရအောင် လုပ်ဆောင်မှာဖြစ်တယ်လို့ New Day Myanmar ရဲ့ နေပြည်တော် သတင်းရင်းမြစ်ထံက သိရပါတယ်။

“အဓိကတော့ ရွေးကောက်ပွဲမှာ တရုတ်ရဲ့ ပေါ်တင်ထောက်ခံမှုကို ရဖို့ ကြိုးစားမယ်လို့ သိရပါတယ်။”လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ စစ်ခေါင်းဆောင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရုတ်က ထောက်ခံခြင်း၊ မထောက်ခံခြင်းကို ပြောဆိုထားတာတော့ မရှိသေးပါဘူး။ 

သေနင်္ဂမဟာဗျူဟာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတရုတ်နိုင်ငံအနေနဲ့ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တရုတ်က ကြိုဆိုတယ်ဆိုပြီးပြောတာမျိုးဖြစ်နိုင်ပေမယ့် ထောက်ခံခြင်းမထောက်ခံခြင်းကိုတော့ ပြောမှာမဟုတ်ဘူးလို့မှတ်ချက်ပြုပါတယ်။

သူက “တရုတ်ကတော့ ဒါ ရွေးကောက်ပွဲ ကို ထောက်ခံတယ်လည်း မပြောဘူး ၊ မထောက်ခံ တယ်လည်း မပြောဘူး ။ ပြောရတော့ နိုင်ငံကြီးတစ်ခုအနေနဲ့ သူဒီလိုလေးပဲနေမှာပဲလေ ။ ဒါ ဆိုတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုလည်း သူတို့က ကြိုဆိုပါတယ် ပြောရမှာပဲ ကြိုဆိုပါ တယ် နဲ့ ထောက်ခံပါတယ် နဲ့ ကြတော့ နည်းနည်းလေး ဟို အဓိပ္ပါယ်ကွဲလွဲတဲ့ပုံစံရှိတာပေါ့။”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ အာဆီယံခေါင်းဆောင်တွေပါ တက်ရောက်လာမှာဖြစ်တာကြောင့် စစ်ခေါင်း ဆောင်အနေနဲ့  တရုတ်အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေးပူး ပေါင်းဆောင်ရွကို ဆွေးနွေးလာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။

စစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ လကစလို့ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲကို အပြင်းအထန်ဆန့်ကျင်နေကြတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး