Homeပြည်တွင်းသတင်းKK PARK ထဲက ပေါက်ကွဲမှုတွေကို BGF တမင်ဟန်ဆောင်လုပ်နေသလား

KK PARK ထဲက ပေါက်ကွဲမှုတွေကို BGF တမင်ဟန်ဆောင်လုပ်နေသလား

အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းနဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မြ၀တီမြို့နယ်၊ KK Park အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးမီးစနဲ့ မီးခိုးတွေကို မြင်ရတယ်လို့ ဒေသခံတွေနဲ့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီဖောက်ခွဲမှုတွေကို ကရင်နယ်ခြားစောင့်တပ်(BGF) က လုပ်ဆောင်တယ်လို့ ယူဆရပေမယ့် ကရင်နယ်ခြားစောင့်တပ်(BGF)အနေနဲ့ တကယ်တမ်း မြေပြင်မှာဖောက်ခွဲဖျက် ဆီးပစ်တယ်ဆိုရင် မေးခွန်းထုတ်စရာကိစ္စတရပ် ဖြစ်လာပါတယ်။

ဒါနဲ့ပတ်သက်လို့ ကရင်နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ဆီကို ဖုန်းအကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

ဒါကြောင့် KK Park ကို (BGF) နဲ့ စစ်တပ်က ပူးပေါင်းပြီး ဖောက်ခွဲဖျက်စီးတယ်ဆိုတဲ့ သတင်းဟာ မြေပြင်မှာ တကယ်တမ်းဖြစ် ပွားခဲ့သလားဆိုတာကို New Day Myanmar ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။

KK Park က ကျားဖြန့် တရုတ်သူဌေးတွေကို စစ်တပ် လက်အောက်ခံ (BGF) တပ်ဖွဲ့က ဗိုလ်မှူး​ကြီးစောချစ်သူ၊ ဗိုလ်တင်ဝင်း၊ ဗိုလ်မုတ်သုန်တို့အပြင် ဗိုလ်နိုင်မောင်ဇော်ကလည်း ခိုလှုံခွင့်ပေးထားတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်တွေကပြောကြတာရှိပါတယ်။

အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေနဲ့ လောင်းကစားမှုတွေကြောင့် ဘေဂျင်းဘက်က အလိုရှိနေတဲ့ တရုတ်နိုင်ငံသား ရှီကျီကျန်းကို ထိုင်းအကျဉ်းထောင်ကနေ တရုတ်ဘက်ကို လွှဲပြောင်းပေးတော့မယ်လို့ ထိုင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရား ရုံးကနေ ဆုံးဖြတ်ခဲ့တာကြောင့် (BGF) အနေ နဲ့ ရုပ်ပြကောင်းအောင်လုပ်ဆောင်နေတယ်ဆိုတဲ့ ဝေဖန်တာတွေကလည်းရှိနေပါတယ်။

ကျားဖြန့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်းကို အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှုတွေအပါ ငွေကြေးခဝါချမှုတွေလုပ်တယ်ဆိုပြီး တရုတ်အစိုးရရဲ့ တရားခံလွှဲပြောင်းရေးတောင်းဆိုမှုကြောင့် ထိုင်းအာဏာပိုင်တွေက ဖမ်း ဆီးခဲ့တာဖြစ်တယ်လို့ (BBC) သတင်းကဖော်ပြထားပါတယ်။

တကယ်တမ်းသာ ရှီကျီကျန်းကို တရုတ်ဘက်လွှဲပြောင်းလိုက်ရင် BGF ခေါင်း ဆောင် စောချစ်သူအပါ ပါဝင်ပတ်သက်သူတွေဟာ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခံရတဲ့အခြေအနေအထိရောက်ရှိနေတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ နာမည် ဆိုးကျော်ကြားတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ရှီကျီကျန်းရဲ့ ရထိုက်ကုမ္ပဏီအုပ်စု(Yatai International Holding Group)နဲ့ ကရင်ပြည်နယ် နယ် ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ပူးပေါင်းပြီးအကောင် အ ထည်ဖော်ခဲ့တာပါ။

ရွှေကုက္ကိုအတွက် Yatai ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဘတ် ၅၂၅ ဘီလီယံထက်မနည်း ရှိတယ်လို့လည်း သိရပါတယ်။

စောချစ်သူနဲ့ ရှီက ရွှေကုက္ကိုကို နယ်စပ်က ရင်းနှီးမြှုပ်နှံမှု မြို့တော်သစ်အဖြစ် ညွှန်းဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ ကျားဖြန့်နဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ ကြီးစိုးရာ ဒုစရိုက်ရပ်ဝန်းကြီး ဖြစ်လာခဲ့တာပါ။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး