Homeပြည်တွင်းသတင်းKBC ဆရာမ နှစ်ဦး အဓမ္မပြုကျင့်သတ် ဖြတ်ခံရတဲ့ဖြစ်စဉ်အတွက် ၁၁နှစ် ပြည့် ဖြစ်ပေမယ့် စစ်ကော်မရှင်ဟာ အမှန်တရားဖုံးကွယ်ထားဆဲလို့ ဆို

KBC ဆရာမ နှစ်ဦး အဓမ္မပြုကျင့်သတ် ဖြတ်ခံရတဲ့ဖြစ်စဉ်အတွက် ၁၁နှစ် ပြည့် ဖြစ်ပေမယ့် စစ်ကော်မရှင်ဟာ အမှန်တရားဖုံးကွယ်ထားဆဲလို့ ဆို

၁၉ ဇန်နဝါရီ ၂၀၂၆

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ ကချင်စေတနာ့ဝန်ထမ်းဆရာမ ၂ ဦး သတ်ဖြတ်ခံရတဲ့အမှုဟာ ဒီကနေ့ ဇန်နဝါ ရီ ၁၉ ရက်ဟာ ၁၁ နှစ်ပြည့်ပြီဖြစ်ပေမယ့် စစ်ကော်မရှင်ဟာ အမှန်တရားဖုံးကွယ်ထားဆဲလို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဆိုထားပါတယ်။

၂၀၁၅ ဇန်နဝါရီ ၁၉ရက်က ရှမ်းမြောက် မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ကောင်းခါးကျေးရွာမှာ KBC ဆရာမ ၂ဦးဖြစ်တဲ့ ဆရာမ ခေါင်နန်စင်နဲ့ ဆရာမ မရန်လုရာတို့ဟာ ရက်စက်စွာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ ၁၁ နှစ်မြောက် နှစ်ပတ်လည် နေ့ဖြစ်ပါတယ်။

“ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး KHRW ဆက်လက် ရပ်တည်မယ်။” လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် စစ်တပ်ရဲ့ခေတ်အဆက်ဆက် ပြည်သူအပေါ် ဥပဒေမဲ့ ကျူးလွန်မှုတွေရဲ့ သက်သေဖြစ်တယ်လို့ လည်းဆိုပါတယ်။

အဲဒီအခဖိန်တုန်းက စစ်တပ်စစ်ကြောင်း ကောင်းခါးကျေးရွာအနီး ရောက်ရှိစဉ် အ မှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ကျူး လွန်တဲ့အထောက်အထားတွေ ရှိပေမယ့် ဒီနေ့အထိ တရားမျှတမှု မရရှိသေးအခြေအနေမှာ ကချင်အသိုင်းအ၀ိုင်းက နှစ်ပတ်လည်နေ့လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

စစ်ကော်မရှင်ဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်တာအပါအဝင် အရပ်သား ပြည်သူအသက်ဆုံးရှုံးရစေတဲ့ ရာဇဝတ်မှုပေါင်းများစွာကို ပေါ်ပေါ်ထင်ထင်ကျူး လွန်နေတာပါ။

အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ကော်မရှင်ရဲ့ကျူးလွန်မှုတွေကို နိုင်ငံတကာအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့အတွက်လည်း လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းတွေက ကြိုးပမ်းလျက်ရှိသလို တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီတပ် စစ်အာဏာရှင်စနစ် တိုက်ဖျက်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိပါတယ်။

ပုံစာ- အဓမ္မပြုကျင့်အသတ်ခံရတဲ့ KBC ဆရာမ ၂ ဦး

ဓာတ်ပုံ- KHRW

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး