၁၇ ဒီဇင်ဘာ၊ ၂၀၂၄
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ လူမှုကွန်ယက်သုံးစွဲသူတွေရဲ့ ပြောဆိုမှုတွေအရ သိရပါတယ်။
ပျောက်ဆုံးသူတွေဟာ ယောကျ်ားလေးတွေပဲ ဖြစ်နေပြီး အသက်အရွယ်မျိုးစုံဖြစ်ပေမယ့် အသက်ငယ်ရွယ် သူတွေ အများဆုံးပျောက်ဆုံးနေတယ်လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။
“လူပျောက်ကြော်ငြာတွေ့သမျှက ယောကျာ်းလေးတွေချည်းပဲ။ လှည်းတန်းမှာ အဆောင်က ကောင်လေးတစ် ယောက် အလုပ်က ပြန်မလာဘူး။ ဘာအထုပ်မှ မယူဘဲ ပြောင်းသွားစရာအကြောင်းမရှိဘူးလေ။ ရပ်ကွက်ရုံးနဲ့ ရဲစခန်းတို့တိုင်နေရင်လည်း ဘာမှမထူးတဲ့အပြင် ကိုယ့်တောင် အမှုပတ်မှာစိုးလို့ သူ့အခန်းကို ဒီတိုင်းထား ထားတယ်”လို့ ရန်ကုန်မြို့ မှာရှိတဲ့ အဆောင်ပိုင်ရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ၁၄ ရက် မနက်အစောပိုင်းက ဆယ်တန်းကျောင်းသားတစ်ဦး ပျောက်ဆုံးတဲ့လူ ပျောက်ကြော် ငြာမှာ ထိုဆယ်တန်းကျောင်းသားလေးကို တက်စီတစ်စီးပေါ်မှာ တင်သွားတာကို တွေ့လိုက်တဲ့ မျက်မြင်သက် သေတွေရှိကြောင်း အစ်မဖြစ်သူကလူမှုကွန်က်မှာ ရေးသားထားသလို နောက်ထပ်လူပျောက်သတင်း တစ်ပုဒ်မှာ လည်း လူထူထပ်တဲ့မြို့နယ်က စိတ်မကျန်းမာတဲ့သူတစ်ဦး အခုရက်ပိုင်းအတွင်း ပျောက်ဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
နောက်ထပ်လည်း ပျောက်ဆုံးသွားတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ဦးဟာ တက်စီးစီးရင်း တစ်နေရာကို အသွားပျောက်ဆုံးနေတယ်လို့ လူမှုကွန်ရက်တွေမှာ ဖော်ပြထားသလို အသက်ကြီးပိုင်းအမျိုးသား တစ်ဦး ပျောက်နေလို့ ရှာတဲ့သတင်းတွေ တွေ့ရပြီး လူပျောက်ကြော်ငြာအများစုမှာ ပျောက်ဆုံးသူတွေကို ရဲစခန်းမှာအမှုဖွင့်အကြောင်းကြားထားတယ်လို့ ဖော်ပြထားကြပါတယ်။
နောက်ထပ် ပျောက်ဆုံးသွားသူတွေကို ရှာဖွေနေတဲ့ လူမှုကွန်ယက်ပို့စ်တွေ တွေ့နေရပြီး အများစုဟာ ငယ်ရွယ်တဲ့ အမျိုးသားတွေ ဖြစ်တာကို သတိထားမိတယ်လို့ လူမှုကွန်ယက်သုံးစွဲသူတွေက ပြောဆိုထားသလို အဖမ်းခံရတဲ့လူငယ်တစ်ဦးကို ကျပ် သိန်း (၁၃၀) နဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ရန်ကုန်မြို့တွင်းကလူတွေ ပျောက်ဆုံးတာ အများဆုံးဖြစ်နေပြီး အခုတစ်ပတ်အတွင်း ၇ ယောက် ပျောက်ဆုံးနေ ပြီး ဒါဟာ လက်လှမ်းမီသလောက် လူပျောက်အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ လေ့လာသူတစ်ဦးက ပြောဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့ပြီး အပတ်စဉ် တစ်ခုကို လူ ၅၀၀၀ တပ်သားသစ်စုဆောင်းနေပြီး တစ်လမှာ အပတ်စဉ် တစ်ခု ခေါ်ယူနေတာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေထွက်ပေါ်ပြီးနောက် လူငယ်တွေကို ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်ပိတ်ပင်တာ၊ ထိုင်းနိုင်ငံက ပြန်လွှတ်တဲ့ တရားမဝင်နေထိုင်လုပ်ကိုင်သူတွေကို စစ်ထဲအတင်းအကြပ်ဝင်ခိုင်းတာ၊ လမ်းခရီးမှာ အကြောင်း အမျိုး မျိုးနဲ့ ဖမ်းဆီးပြီး စစ်သားသစ်စုဆောင်းတာ၊ နယ်တွေမှာ ပေါ်တာဆွဲတာတွေ လုပ်နေတဲ့အပြင် ရန်ကုန်မြို့ မှာပါ စစ်မှုထမ်းနိုင်တဲ့အသက်အရွယ်တွေ စပြီး ပျောက်ဆုံးလာတာ ဖြစ်ပါတယ်။