Homeပြည်တွင်းသတင်းBGF ပိုင် ရထိုက်မြို့သစ် စီမံကိန်းမှာ မလေးရှားနိုင်ငံသားတွေလည်း ပါဝင်နေကြောင်း JFM ထုတ်ဖော်

BGF ပိုင် ရထိုက်မြို့သစ် စီမံကိန်းမှာ မလေးရှားနိုင်ငံသားတွေလည်း ပါဝင်နေကြောင်း JFM ထုတ်ဖော်

၂၆ ဇူလိုင်၊ ၂၀၂၄

BGF ပိုင် ရထိုက်မြို့သစ်စီမံကိန်းမှာ မလေးရှားနိုင်ငံသားတွေလည်း အဓိကကျတဲ့နေရာကနေ ပါဝင်ပတ်သတ် နေတယ်လို့ JFM က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ဒီအစီရင်ခံစာကို မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးဟောင်းက မြဝတီက ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပတ် သတ်နေကြောင်း အစီရင်ခံစာထုတ်ပြန်ပြီး ၄ ရက်အကြာ ဇူလိုင်လ ၂၆ မှာ ထပ်ပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

Myanmar Yatai International Holding Group Company Limited (Myanmar Yatai)ဟာ မြဝတီ မြို့နယ်၊ ရွှေကုက္ကိုလ်ဒေသမှာ ရထိုက်မြို့သစ်ကို တည်ထောင်နေတဲ့ ဖက်စပ်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ရထိုက်မြို့သစ်ဟာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်း ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းများနဲ့ လောင်းကစားရုံတွေရှိနေတာပဲ ဖြစ် ပါတယ်။ မြန်မာရထိုက်ကုမ္ပဏီ ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နဲ့ Shi Zhi Jiang တို့က ပူးတွဲတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့အချိန်မှာ Shi Zhi Jiang ဟာ ယူကေနိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံနေရပြီး ကမ္ဘောဒီးယားနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူ၊ တရုတ်လူမျိုးစီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ ၂၀၂၂ မှာ နိုင်ငံတကာဖမ်းဝရမ်းဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပါတယ်။

သူ့ကို တရားမဝင်လောင်းကစားလုပ်ငန်းတွေ လုပ်ဆောင်မှုကြောင့် နဲ့ တရုတ်နိုင်ငံက စွဲဆိုထားပါတယ်။ မြန်မာရထိုက်ကုမ္ပဏီမှာ She Zhijiang၊ ကရင် BGF ကိုယ်စားလှယ် စောမင်းမင်းဦးတို့အပြင် မလေးရှားနိုင်ငံသား ဒါရိုက်တာအဖွဲ့ဝင် ရှယ်ယာရှင် နှစ်ဦးလည်း ပါဝင်ပါတယ်။

မလေးရှား နိုင်ငံ သားနှစ်ဦးမှာ Lim Jun Jie နှင့် Chow Tian Yu တို့ ဖြစ်ပြီး နှစ်ဦးလုံးက ဆာရာဝပ်ပြည်နယ်မှာ နေထိုင်သူများဖြစ်ပါတယ်။ သူတို့ရဲ့လိပ်စာကို ကွာလာလမ်ပူမြို့ လူချမ်းသာရပ်ကွက်က တန်ဖိုးကြီးကွန်ဒို DC Residensi Condominium လို့ ဖော်ပြထားကြပါတယ်။

ရထိုက်ကုမ္ပဏီဟာ ရွှေကုက္ကိုလ်က ဆိုက်ဘာငွေလိမ်လုပ်ငန်းများတွေနဲ့ တရားမဝင်အွန်လိုင်းလောင်းကစား လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု၊ ပံ့ပိုးကူညီမှုတွေက အကျိုးအမြတ်တွေ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ ရွှေကုက္ကိုလ်ဒေသအပါအဝင်၊ မြဝတီမြို့နယ်က အွန်လိုင်းလုပ်ငန်းတွေမှာ လူထောင်ပေါင်း များစွာကို လူကုန်ကူးခံပြီး ခြံဝန်းကြီးတွေအတွင်း အကျဉ်းချခံရပြီး ငွေလိမ်လည်ခိုင်းတဲ့အကြောင်း သတင်းတွေ အမြောက်အများ ထွက်ပေါ်လာပါတယ်။

ရိုက်နှက်ခံရပြီး ငွေညှစ်ခံရကြောင်းလဲ လွတ်လာသူတွေက တိုင်ကြားခဲ့ပါတယ်။ လိမ်လည်ခိုင်းတဲ့လုပ်ငန်းတွေမှာ မိမိသဘောအရ လာရောက်လုပ်ကိုင်နေတဲ့သူတွေကိုလည်း လျော်ကြေးငွေအမြောက်အများနဲ့ စာချုပ်ချုပ်ခိုင်းစေ ချည်နှောင်ထားပြီး ငွေကြေးလိမ်လည်လုပ်ငန်းကို ခေါ်သွင်းခံရတဲ့ အမျိုးသမီးအများစုကို လိင်အလုပ်သမား အဖြစ် အတင်းအကြပ်ခိုင်းစေခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မလေးရှားအစိုးရအနေနဲ့ တရားမဝင်ရာဇဝတ်ဂိုဏ်း၊ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သတ်နေတဲ့ မိမိတို့နိုင်ငံသား တွေကို အရေးယူဆောင်ရွက်သင့်ကြောင်း Justice Form Myanmar က ဇူလိုင်လ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ အစီရင် ခံစာမှာ တိုက်တွန်းဖော်ပြသွားပါတယ်။

ဆက်စပ် သတင်းများ

Most read