ရက္ခိုင့်တပ်တော် AA နဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အပေါ် စစ်ကောင်စီက ကန့်ကွက်တာကြောင့် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး နဲ့ စစ်သံမှူး တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ပြီး နှစ်နိုင်ငံ သံတမန်ရေး အတင်းမာဆုံးရောက်ရှိနေတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်သတင်းတွေအရ ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Md. Monowar Hossain နဲ့ စစ်သံမှူး ဗိုလ်မှူးချုပ်Aftab Hossain တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့ တယ်လို့ ဒါကာအခြေစိုက် Banglanews24.com သတင်းမှာဖော်ပြလာမှုအရ သိရပါတယ်။
သတင်းတွေအရ AA နဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးရှိနေတယ်လို့ဆိုကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက သံတမန်ရေးအရ ဘင်္ဂလားဒေ့ရှ်ကို တရားဝင် ကန့်ကွက်စာပေးပို့ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Md. Monowar Hossain ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာသို့ ချက်ချင်းပြန်လည်ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ယခုမေလအစောပိုင်းမှာလည်း ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ စစ်သံမှူး ဗိုလ် မှူးချုပ် Aftab Hossain ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူထားပြီဖြစ်တယ်လို့ သိရပါတယ်။
သံအမတ်ကြီး Md. Monowar Hossain အနေနဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပြီး လတ်တလော နှစ်နိုင်ငံအကြား သံတမန်အရေး တင်းမာမှုများကြောင့် ပြန်လည် ခေါ်ယူခြင်းလည်းဖြစ်ပါတယ်။


