Homeပြည်တွင်းသတင်းAA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၄ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၄ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

၁၁ အောက်တိုဘာ၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က လေကြောင်းက ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးအပါအဝင် ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်တော်မြို့ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့နယ်မြေ ဖြစ်ပါတယ်။ ကျောက်တော် အ.ထ.က(၂) စာသင်ကျောင်းအနီးနဲ့ လမ်းမကြီးအနီးက အမှုန့်ကြိတ်စက်ရုံပတ်ဝန်းကျင်ကို ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာ ဖြစ်ပြီး လေယာဉ်သံမကြားဘဲ ဗုံးပေါက်ကွဲပြီးမှ အသံကြားရတာဖြစ်ကြောင်း ၊ မြို့မှာ အခု တိတ်ဆိတ်နေပြီး အပြင်ကိုမထွက်ကြတော့ဘဲ ဆိုင်တွေ အကုန်ပိတ်ထားထားရကြောင်း ဒေသခံသတင်းတွေက ဖော်ပြပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ ကျောက်တော်မြို၊ ပြည်တော်သာရပ်ကွက်က ပြိုင်စံသျှား အမှုန့်ကြိတ်စက်ပိုင်ရှင် အသက် ၄၃ နှစ် အရွယ် ဦးအေးကျော်၊ ပိုက်သည်ရပ်ကွက်က အသက် ၅၃ နှစ်အရွယ် ဦးကျော်သိန်းလှ ၊ ရွာမရပ်ကွက်က အသက် ၄၅ နှစ်အရွယ် ဦးမောင်ထွန်းနိုင်၊ အပေါက်ဝရွာက အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရထားသူတွေထဲမှာ အသက် ၆ နှစ်၊ ၈ နှစ်၊ ၁၃ နှစ် ကလေးငယ်တွေ ပါဝင်နေပြီး ပြင်းထန်ဒဏ်ရာရသူ ၂ ယောက် ရှိနေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်(AA)က အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် ကျောက်တော်မြို့ကို ဖေဖော်ဝါရီ ၁၄ ရက်ထဲက ထိန်းချုပ်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၇၊၈ ရက်တို့မှာတောင်ကုတ်၊ မောင်တော နဲ့ ပေါက်တောတို့မှာ ဒေသခံ ၁၉ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် သီတင်းကျွတ် လပြည့်နေ့၊ တန်ဆောင်မုန်း လပြည့်နေ့တို့မှာ လူစုလူဝေးမပြုလုပ်ကြဖို့ အာရက္ခတပ်တော် (AA)က အောက်တိုဘာ ၇ ရက်မှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလမှာ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်တာကြောင့် တောင်ကုတ် ၊ ရသေ့တောင် ၊ မြောက်ဦး ၊ ဂွမြို့နယ် ကျိန္တလီမြို့ ၊ သံတွဲ၊ ပေါက်တော ၊ မောင်တော တို့မှာ အနည်းဆုံး ၂၆ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၅၇ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read