Homeပြည်တွင်းသတင်း၅ ရက်ကြာ ပိတ်ထားတဲ့ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးကန်ပိုက်တီလမ်းကို KIA ပြန်ဖွင့်ပေး

၅ ရက်ကြာ ပိတ်ထားတဲ့ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးကန်ပိုက်တီလမ်းကို KIA ပြန်ဖွင့်ပေး

ဇွန် ၁၈ ၊ ၂၀၂၄

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကန်ပိုက်တီလမ်းကို ပိတ်ထားပြီး ၅ ရက်အကြာမှာ KIA ဘက်က ပြန်လည် ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဇွန်လ ၁၂ ရက်ထဲက စတင်ပိတ်ခဲ့တဲ့ ဒီလမ်းကို ဇွန်လ ၁၇ ရက် မနက်ပိုင်းမှာ ပြန်ပြီး ဖွင့်ပေးလိုက်တာပါ။

မြစ်ကြီးနားမြို့နဲ့ ဝန်းကျင်ဒေသတွေကို စက်သုံးဆီ အပါအဝင် တခြား ကုန်စည်တွေ တရုတ်ဘက်က သွင်းဖို့ဆိုရင် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းကိုပဲ အသုံးပြုကြပါတယ်။

ကန်ပိုက်တီလမ်းပိုင်းက ဆဒုံး စစ်ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း ၊ ပြည်သူ့စစ်နဲ့ နယ်ခြား စောင့်တပ်စခန်း ၁၀ခုကျော်ကို ပြီးခဲ့တဲ့ ၁၂ ရက်နေ့ထဲက KIA နဲ့ ပူးပေါင်း PDF တွေက သိမ်းယူပြီး လမ်းကို ပိတ်ထားခဲ့ပါတယ်။

“ကန်ပိုက်တီ လမ်းကို ပြန်ဖွင့်မှ တရုတ်ဘက်က ဆီကားတွေ ပြန်ဝင်လို့ရမှာ ၊ ဒီကလူ တွေက အောက်ဘက် ကလည်း ဆီကားမတက် တရုတ်ဘက်ကလည်း ဆီကားမဝင်ရင် ဘာမှ လုပ်မရ တော့ ဘူး ။ တချို့ဆို ဆိုင်ကယ်ဆီဖြည့်ဖို့တောင် နေရာပတ်ရှာမေးရတယ်”လို့ ဝိုင်းမော် ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားမှာ စက်သုံးဆီ ပြတ်လပ်ပြီး ဆီဆိုင်တွေ ပိတ်ထားရတာ သုံးရက်ရှိပြီ ဖြစ်ပါတယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော်တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတုန်း ဖြစ်ပြီး ဝိုင်းမော်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့ KIA နဲ့ စစ်ကောင်စီ နှစ်ဘက်စလုံးက ကြိုးစားနေကြပါတယ်။

မြစ်ကြီးနား မြို့ကို စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး ဇွန်လ ၁၇ရက် မနက်ပိုင်းထဲက အခုချိန်ထိ မြစ်ကြီးနားမြို့ တစ်ချို့နေရာတွေမှာ အင်တာနက်လိုင်းများ ပြတ်တောက်နေတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးပြောကြားချက်အရ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read