Homeပြည်တွင်းသတင်း၂ဝ၂၄ ခုနှစ်အတွင်း နိုင်ငံရေးပုဒ်မတပ်ပြီး လူပေါင်း ရှစ်ရာနီးပါး ဖမ်းဆီးခံထားရကြောင်း AAPP ထုတ်ပြန်

၂ဝ၂၄ ခုနှစ်အတွင်း နိုင်ငံရေးပုဒ်မတပ်ပြီး လူပေါင်း ရှစ်ရာနီးပါး ဖမ်းဆီးခံထားရကြောင်း AAPP ထုတ်ပြန်

၄ ဇန်နဝါရီ၊ ၂၀၂၅

၂ဝ၂၄ ခုနှစ်အတွင်းမှာ နိုင်ငံရေးကြောင့် လူပေါင်း ရှစ်ရာနီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်ပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့ထဲမှာ အမျိုးသမီး ၂၁၃ ဦး၊ အမျိုးသား ၅၆၇ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ တစ်ဦး စုစုပေါင်း ၇၈၁ ဦး ရှိတယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီထဲမှာ ၂၂ ယောက်က ပြန်လွတ်လာပေမယ့် ကျန်တဲ့ ၇၅၉ ဦးကတော့ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရတယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်တိုင်းက ၂ဝ၈ ဦးနဲ့ အများဆုံးအဖမ်းခံရတာဖြစ်ပြီး မန္တလေးတိုင်းမှာတော့ ၁၂၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

AAPP စာရင်းတွေအရ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ခုနှစ်ကစပြီး ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ရက်နေ့အထိ (၂၈,၀၉၆) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ တစ်သောင်းနီးပါး (၉,၉၅၈)ဦး ကတော့ ပြစ်ဒဏ်တွေချမှတ်ခံထားရပြီး ၁၇၁ ဦးက သေဒဏ်တွေ ချမှတ်ခံထားရပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ကလေး ၅၈၈ ဦး ပါဝင်ပြီး အမျိုးသမီး ၅,၈၃၁ ဦး ပါဝင်ပါတယ်။

ဇန်နဝါရီ ၄ ရက် ဒီနေ့မနက်မှာ အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီက ကြေညာထားပြီး ဒီအထဲ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားဦးရေ ဘယ်နှယောက်ပါဝင်တယ်ဆိုတာကို ထည့်သွင်းကြေညာသွားတာမျိုး မရှိပါဘူး။

ဓာတ်ပုံ – AAPP

ဆက်စပ် သတင်းများ

Most read