Homeပြည်တွင်းသတင်းဧရာဝတီတိုင်းအတွင်းက မကျီးဇင်ရွာကို AA သိမ်းပိုက်ပြီးနောက်မှာ ငွေဆောင်၊ ချောင်းသာနဲ့ ရွှေသောင်ယံခရီးစဉ်တွေ ဖျက်သိမ်း

ဧရာဝတီတိုင်းအတွင်းက မကျီးဇင်ရွာကို AA သိမ်းပိုက်ပြီးနောက်မှာ ငွေဆောင်၊ ချောင်းသာနဲ့ ရွှေသောင်ယံခရီးစဉ်တွေ ဖျက်သိမ်း

၁၃ ဇန်နဝါရီ၊ ၂၀၂၅

ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ မကျီးဇင်ရွာကို အာရက္ခတပ်တော်AA နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၉ ရက်မှာ သိမ်းပိုက်လိုက်ပြီးနောက်မှာ မကျီးဇင်ရွာအနီးက ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြတယ်လို့ ခရီးသွားလုပ်ငန်းတွေက ပြောဆိုပါတယ်။

အာရက္ခတပ်တော်AAနဲ့ ပူးပေါင်းတပ်တွေဟာ နာရီပိုင်းအတွင်း ရွှေသောင်ယံကမ်းခြေနဲ့ချောင်းသာကမ်းခြေတွေကို ရောက်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်အပြီးမှာ ခရီးစဉ်ဖျက်သိမ်းမှုတွေရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ခရီးသွားယာဉ်လိုင်းတွေက ခရီးစဉ်တွေအတွက် ကားလက်မှတ်ဖိုးတွေ ပြန်အမ်းပေးနေတယ်လို့ သိရပြီး အများစုကတော့ ပြန်အမ်းခြင်းမရှိဘူးလို့ သိရပါတယ်။

“ကားလမ်းတွေ ၁၃ ရက်နဲ့ ၁၅ ရက်ပိတ်မယ်ပြောတာ ဒီနေ့ ၁၃ ရက်ပဲ မပိတ်ထားပါဘူး။ ကားလက်မှတ်တွေက လက်လွှဲရောင်းတာ အဆုံးခံတာမျိုးပဲ လုပ်လို့ရမှာပါ။ ကျွန်တော်တို့ကတော့ ပြန်မအမ်းပါဘူး”လို့ ရန်ကုန်-ပုသိမ်-ချောင်းသာ ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုက တာဝန်ရှိသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ငွေဆောင်ချောင်းသာ ဟိုတယ် Booking တွေကိုတော့ လူမှုကွန်ယက်တွေကတဆင့် လျှော့ဈေးနဲ့ လက်လွှဲရောင်းချတာမျိုးတွေတော့ ရှိတယ်လို့ ငွေဆောင်ကမ်းခြေဟိုတယ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မြန်မာပြည်တွင်းခရီးသွားအများဆုံးရာသီဟာ သင်္ကြန်၊ သီတင်းကျွတ်၊ ဒီဇင်ဘာ နဲ့ ဖေဖော်ဝါရီအခြေခံကျောင်းစာမေးပွဲပြီးဆုံးချိန်ဆိုပြီး ၄ ကြိမ်ရှိပါတယ်။ အခုပြီးခဲ့တဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလမှာ ငွေဆောင်ကမ်းခြေကို ၁၈၀၀၀ ကျော်၊ ချောင်းသာကမ်းခြေကို ၁၆၀၀၀ ကျော်၊ ရွှေသောင်ယံကမ်းခြေကို ၆၈၀ လာရောက်လည်ပတ်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မကျီးဇင်ရွာကို လက်လွှတ်ထားရပြီးနောက်မှာ ချောင်းသာဘောလုံးကွင်းကို စစ်တပ်က ရဟတ်ယာဉ် ဆင်းသက်လို့ရအောင် ပြင်ဆင်ထားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း ဟောင်ဝစ်ဇာအမြှောက်တွေ ဆင်ထားတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြနေပေမယ့် New Day Myanmar အနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်ပြီး စုံစမ်းနေပါတယ်။ လက်ရှိမှာတော့ ကမ်းရိုးတန်းတဝိုက်မှာ မြန်မာစစ်ကောင်စီ ရေတပ်က စစ်ရေယာဉ်တွေ ကင်းလှည့်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – Citizen

ဆက်စပ် သတင်းများ

Most read