Homeပြည်တွင်းသတင်းအိန္ဒိယနိုင်ငံက စစ်ကောင်စီနဲ့စစ်ရေးအရပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

အိန္ဒိယနိုင်ငံက စစ်ကောင်စီနဲ့စစ်ရေးအရပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

၁၇ ဇူလိုင်၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ် Abhay Thakur ဟာ စစ်ကောင်စီဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဇူလိုင်လ ၁၆ ရက်က တွေ့ဆုံပြီး စစ်ရေးအရပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာစစ်ကောင်စီကအာဏာသိမ်းပြီးချိန်ကစတင်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊နှိပ်စက်၊ သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ကန့်ကွက်တားဆီးနေကြတဲ့အပြင် နိုင်ငံတကာကလည်း အရေးယူပိတ်ဆို့မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့အပြင် နှစ်နိုင်ငံ စစ်တပ်တွေရဲ့ ဆက်ဆံရေးကိစ္စ၊ လေကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ သင်တန်းသားတွေ အပြန်အလှန်စေလွှတ်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်ဗိုလ်ချုပ်တွေနဲ့ အိန္ဒိယသံအမတ်၊ အိန္ဒိယစစ်တပ်က အရာရှိကြီးတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ အိန္ဒိယဘက်ကအဆင့်မြင့်အရာရှိတွေသာ ဆက်ဆံခဲ့ပေမဲ့ ၂ဝ၂၃ ခုနှစ် မဏိပူရ်ပြည်နယ် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းမှာ နယ်စပ်လုံခြုံရေးကို အကြောင်းပြုပြီး ဆက်ဆံရေး တိုးမြှင့်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကိုစစ်လက်နက်ပစ္စည်းတင်ပို့မှု အများဆုံးအဖြစ် ရုရှားနဲ့တရုတ်နိုင်ငံတို့ ရပ်တည်နေပြီး အိန္ဒိယနိုင်ငံဟာ တတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ထံ စစ်လက်နက်နည်းပညာနဲ့ လောင်စာဆီ လွှဲပြောင်းရောင်းချနေတာတွေ ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံးကိုလည်း ရပ်ဆိုင်းဖို့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်နေတဲ့ Justice for Myanmar (JFM) က ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်မှာ တောင်းဆိုချက်တစ်စောင် ထုတ်ပြန်ထားပါသေးတယ်။

Photo-MOI

ဆက်စပ် သတင်းများ

Most read