၁၉ ဩဂုတ်၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြားတိုက်ပွဲတွေပြင်းထန်နေတာကြောင့် အင်းတော်မြို့ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းတော်မြို့နယ်မှာ ဩဂုတ်လ ၁၆ ရက်ကစပြီး စစ်ကောင်စီစခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ဩဂုတ် ၁၉ ရက်အထိ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။
“တိုက်ပွဲတွေက မြို့ထဲအထိဖြစ်လာတော့ မြို့ပေါ်က လူတွေပါ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။ စစ်ရှောင်တော်တော်များလာတယ်။ ၁ သောင်းကျော်လောက်ရှိမယ်။”လို့ အင်းတော် ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။
အင်းတော်မြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာ၊ ဗုံးကျချတာတွေလည်း ပြုလုပ်နေတာကြောင့် မြို့ပေါ်က ပြည်သူတွေပါ ထွက်ပြေးတမ်းရှောင်နေရတာဖြစ်တယ်လို့ သူကပြောပါတယ်။
အင်းတော်နဲ့ သိပ်မဝေးတဲ့ စစ်ကိုင်းတိုင်းထဲက ပင်လယ်ဘူးမြို့မှာလည်း ဩဂုတ် ၁၄ ရက်နေ့ ဒီနေ့ ဩဂုတ် ၁၉ ရက်အထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။