Homeပြည်တွင်းသတင်းအင်းတော်ဒေသက စစ်ရှောင် နှစ်သောင်းကျော် စားစရာနဲ့ ဆေးဝါးအခက်အခဲ ရင်ဆိုင်နေရ

အင်းတော်ဒေသက စစ်ရှောင် နှစ်သောင်းကျော် စားစရာနဲ့ ဆေးဝါးအခက်အခဲ ရင်ဆိုင်နေရ

၂၀ ဩဂုတ်၊ ၂၀၂၄

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်မှာ အင်းတော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့အတွက် အင်းတော်မြို့ပေါ်က ဒေသခံနှစ်သောင်းကျော်ဟာ ဘေးလွတ်ရာ ပတ်ဝန်းကျင်ရွာတွေမှာ သွားရောက် ရှောင်တိမ်းနေရပြီး ကားလမ်းပိတ်နေတဲ့အတွက် စားစရာနဲ့ ဆေးဝါးအခက်အခဲပါ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ဒီနေ့နဲ့ဆို ၆ ရက်ရှိပြီး KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက နဘားလမ်းဆုံစစ်စခန်းနဲ့ နန့်သာရွာ စစ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA ၊ ABSDF နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက် ကြတာဖြစ်တယ်လို့ သိရပါတယ်။

” အခုပဲ မြို့ပေါ်နဲ့ ဖုန်းပြောရင်း လက်နက်ကြီးနဲ့ ချတယ်။ လေကြောင်းတော့ မလာသေးဘူး။ မြို့ပေါ်တော့ ထိတာများတယ်။ မဝင်ရဲသေးလို့ ဘယ်နေရာတွေ ထိလဲတော့ တိတိကျကျ မသိဘူး ။ မြို့ကတော့ တော်တော် ထိမယ်ထင်တယ်။ စစ်ရှောင်တွေကတော့ လုံခြုံပါတယ်၊ ပထမတုန်းကတော့ မသိတော့ မပြေးဘဲ လူတွေ ထိကုန်တာ။ခုတော့ အင်းတော်မြို့နဲ့နီးတဲ့ အင်းရွာတို့ဘာတို့လဲ အကုန်ပြေးတာပဲ” လို့ အင်းတော်မြို့က စစ်ရှောင် လာသူ အမျိုးသမီးတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“ကားလမ်းတွေလဲ ပိတ်ထားတာ ကြာပြီဆိုတော့ စားစရာက ရှားတာ ၊ ဆေးဝါးတွေလည်း ရှားတယ်။ အင်းတော်မြို့ပေါ်မှာ လူစောင့်လောက်ပဲ ကျန်ခဲ့တယ်။ အခုက စစ်တပ်က မြို့ပေါ်က အိမ်တွေကို လူတွေကိုပြန်လာဖို့ ပြောတယ်၊ လူမရှိတဲ့အိမ် ချိပ်ပိတ်မယ်ပေါ့နော် ၊ အဲ့လိုပြောလို့ တချို့လည်း ပြန်ဝင်နေတာမျိုးတွေ ရှိတယ်၊ အများစုကတော့ ဘေးလွတ်ရာမှာပဲ ၊ ရှားတာက စားစရာပေါ့နော် ၊ တချို့ရွာတွေမှာ စားသောက်ကုန်တွေ ဈေးတွေ တက်တာတို့ တချို့ကျ ရောင်းဖို့ကို မရှိတော့တာတို့ အဲ့လိုတွေတော့ဖြစ်တယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

အင်းတော်မြို့ပေါ်က ဒေသခံတွေဟာ အိမ်စောင့်သဘောလောက်သာ ကျန်ခဲ့ပြီး ကျန်တဲ့သူတွေက အနီးပတ်ဝန်းကျင်က ရွာတွေကို သွားရောက်ရှောင်တိမ်းနေပြီလို့ သိရပါတယ်။

အင်းတော်မြို့နယ်အတွင်း တိုက်ပွဲစဖြစ်တဲ့နေ့မတိုင်ခင်ထဲက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို စ်စ်ကောင်စီဘက်က ဖြတ်တောက်ထားတာပါ။ ဩဂုတ်လ ၂၀ နေ့လည်ပိုင်းမှာတော့ တချို့ဒေသတွေမှာ Ooredoo ဖုန်းလိုင်းတွေ ပြန်ရနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အင်းတော်မြို့နယ်ထဲက သက္ကယ်ချင်း ဂျုံးဂျုံးကျ ထန်းတောရွာ ပေပင်ရွာ မဲဇာရွာ လက်ပံကုန်းရွာ ဗုဒလက် ရွာတွေကို လောလောဆယ် Ooredoo ဖုန်းလိုင်းနဲ့ အဆက်အသွယ်လုပ်လို့ရပြီး ကျန်တဲ့နေ ရာတွေကတော့ ဖုန်းလိုင်းမရသေးဘူးလို့ သိရပါတယ်။

အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းမှာ ရှိပြီး ကချင်ပြည်နယ်ကို ဝင်ရောက်ဖို့ အဓိက ဝင်ရောက်နိုင်တဲ့မြို့ဖြစ်ပါတယ်။

အင်းတော်မြို့ မြောက်ဘက် မိုင် ၅၀ ကျော်အကွာမှာ ရှိတဲ့ မော်လူးမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ ရက်ထဲက KIA, ABSDF နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ ပင်လည်ဘူး မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရွှေပြည်အေး၊ ခမ်းပတ်၊ မော်လူးနဲ့ မြို့သစ်မြို့၊ မန္တလေးတိုင်းအတွင်းက စဉ့်ကူးမြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read