Homeပြည်တွင်းသတင်းအင်းစိန်ထောင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အတွက် ကျွေးတဲ့ အစားအစာကြောင့် အကျဥ်းသား ၁၅၀ကျော် ဝမ်းပျက်၊ဝမ်းလျှောဖြစ်

အင်းစိန်ထောင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အတွက် ကျွေးတဲ့ အစားအစာကြောင့် အကျဥ်းသား ၁၅၀ကျော် ဝမ်းပျက်၊ဝမ်းလျှောဖြစ်

၂၇ ဇူလိုင်၊၂၀၂၃

အင်းစိန်ဗဟိုအကျဉ်းထောင်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်မွေးအတွက်ကျွေးတဲ့ စားအသောက်တွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဥ်းသား ၁၅၀ကျော် ဝမ်းပျက်၊ဝမ်းလျှော ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ပြီးခဲ့တဲ့ ဇူလိုင် ၃ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင်ဇော်လင်းအောင်နဲ့ ထောင်အာဏာပိုင်တွေက ကြက်သားနဲ့ ပဲဟင်း ကျွေးခဲ့ပြီး အကျဉ်းသား တွေအနေနဲ့အဆိုပါနေ့မှာ အိမ်မှပို့တဲ့ အစားအသောက်တွေကိုပင် စားသုံးခွင့်မပြုဟုဆိုတဲ့ ထောင်တွင်းအမိန့် ထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါနေ့ကကျွေးတဲ့ ပဲဟင်းနဲ့ ကြက်သားမှာ လက်ဆက်ခြင်းမရှိဘဲ သိုးနံ့ထွက်နေလို့ အကျဉ်းထောင်ရှိအကျဉ်း ဦးစီးဝန်ထမ်းတွေကို နိုင်ငံရေးအကျဉ်းသားတွေက တင်ပြပြောဆိုခဲ့ပေမယ့် လက်မခံဘဲထောင်က ကျွေးတဲ့အစား အသောက်ကိုသာ စားသောက်ရမယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေအပါအဝင် အခြားအကျဉ်း သား၊ အကျဉ်းသူ တွေဟာထောင်ကကျွေးတဲ့ ပဲဟင်းနဲ့ ကြက်သားဟင်းတွေကိုပဲ စားသောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ပဲဟင်းအသိုးတွေကို ဖိအားပေးမငကြောင့် စားသောက်ခဲ့ရတဲ့ အကျဉ်းသား၊ အကျဥ်းသူတွေဟာ ဇူလိုင် ၄ရက်မှစပြီး ဝမ်းပျက်၊ဝမ်းလျှော ရောဂါစတင်ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

ဒါ့အပြင် ရောဂါဖြစ်ပွားနေမှုအပေါ် လုံလောက်တဲ့ ဆေးဝါးတွေမပေးခဲ့တာကြောင့် ဇူလိုင် ၂၀ရက်အထိ နေ့စဉ် အကျဉ်းသား ငါးဦးမှ ၁၀ဦး အထိ ကူးဆက်ရောဂါခံစားခဲ့ရပြီး ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ အနည်းဆုံး ၁၅၀ခန့် ရှိခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အဆိုပါ ဖြစ်စဥ်သတင်းကို အင်းစိန်ထောင်အာဏာပိုင်တွေက ဖုံးဖိထားပြီး အကျဉ်းသား မိသားစုဝင်တွေပို့တဲ့ အစားအသောက်တွေကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်သယောင် ပြောဆိုနေပြီး အကျဉ်းသား မိသားစုတွေ ပို့တဲ့ ထောင်ဝင်စာတွေကို ကန့်သတ်နေတယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read