Homeပြည်တွင်းသတင်းအချိန်မီဆေးကုသခွင့်မရတဲ့ သရက်ထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

အချိန်မီဆေးကုသခွင့်မရတဲ့ သရက်ထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

၂၉ ဇူလိုင်၊ ၂၀၂၄

သွေးတိုးရောဂါပြင်းထန်နေပေမဲ့ အချိန်မီဆေးကုသခွင့်မရတဲ့အတွက် သရက်ထောင်က နိုင်ငံရေး အကျဉ်း သားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၂၇ ရက်မနက်အစောပိုင်းမှာ သရက်အကျဉ်းထောင်မှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ ၅၂(က) /၅၁(ဂ)တို့နဲ့ထောင်ဒဏ် ၁၁ နှစ် မတရားအပြစ်ပေးထားခြင်းခံရတဲ့ အသက် ၃၉ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသားကိုညီညီဟာ သွေးတိုးရောဂါကို ခံစားရပြီး သေဆုံးခဲ့ပါတယ်။

ကိုညီညီဟာ ဇူလိုင်လ ၂၆ ရက် ညပိုင်းမှာ သွေးတိုးနေတဲ့အတွက် အရေးပေါ် ဆေးဝါးကုသပေးဖို့ ထောင် တာဝန်ခံတွေကို နိုင်ငံရေးအကျဉ်းသားတွေက အကူအညီတောင်းခဲ့ပေမဲ့ တစ်နာရီကျော်ကြာမှ အကျဉ်း သားဆေးမှူးတစ်ဦးစေလွှတ်စစ်ဆေးခဲ့ပါတယ်။

ကိုညီညီရဲ့ သွေးပေါင်ချိန်မှာ အပေါ်သွေး ၂၄၀ အောက်သွေး ၁၄၀ ထိ တိုးနေတဲ့အတွက် ပြင်ပဆေးရုံကို ချက်ချင်းပို့ပေးပြီး ဆေးဝါးစောင့်ရှောက်မှုပေးရမှာ ဖြစ်ပေမဲ့ အဆင့်ဆင့်သတင်းပေးပို့နေမှုကြောင့် နောက်ထပ်အချိန်တစ်နာရီကျော်နောက်ကျပြီးမှ ပြင်ပသို့ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

လာရောက်စစ်ဆေးချိန်နဲ့ ပြင်ပကို ခေါ်ထုတ်ကုသချိန် နောက်ကျတဲ့အတွက် ကိုညီညီမှာ အရေးပေါ် ဆေးဝါးကုသမှုမရဘဲ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများ ကွန်ရက်(PPNM) က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

Most read