Homeပြည်တွင်းသတင်းသံတွဲမြို့နဲ့ ဂွမြို့အနီးက ပင်လယ်ပြင်ကို မဖြတ်သန်းဖို့ AA အရေးပေါ် ထုတ်ပြန်ကြေညာ

သံတွဲမြို့နဲ့ ဂွမြို့အနီးက ပင်လယ်ပြင်ကို မဖြတ်သန်းဖို့ AA အရေးပေါ် ထုတ်ပြန်ကြေညာ

၂ ဩဂုတ်၊ ၂၀၂၄

သံတွဲမြို့နဲ့ ဂွမြို့တွေ အနီးကပင်လယ်ပြင်အတွင်း ဖြတ်သန်းသွားလာမှုတွေ လုံးဝမလုပ်ဖို့ အာရက္ခတပ်တော် (AA)က ဩဂုတ်လ ၁ ရက်မှာ အရေးပေါ်အသိပေးချက် ထုတ်ပြန် ကြေညာပါတယ်။

အာရက္ခတပ်တော် AA အနေနဲ့ ရက္ခိုင်ပြည်၊ သံတွဲမြို့က စစ်ကောင်စီတပ်စခန်းများအားလုံးနဲ့ ငပလီ(မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်မှာ အပြီးသတ်သိမ်းပိုက်ထားပေမဲ့ မြပြင်၊ ဂျိတ်တောနဲ့ တပ်စခန်းတွေကို ပြန်လည် ရယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း မောင်ရွှေလေး ရေတပ်စခန်းနဲ့ ဘင်္ဂလားပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ ရေတပ်စစ်သင်္ဘောတွေပေါ်က လက်နက်ကြီးပစ်ကူတွေနဲ့ မြပြတ် ၊ ဂျိတ်တော ၊ သံတွဲမြို့တွေကို ပြန်ပြီး ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာကြောင့် အဆိုပါနေရာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကြေညာစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ရန်သူရဲ့သံတွဲ နှင့် ဂွ ပတ်ဝန်းကျင်က ပင်လယ်ပြင်ထဲ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်နေမှုတွေကို အထောက်အကူဖြစ်စေတဲ့ အရပ်ဘက်မော်တော်ဘုတ်တွေနဲ့ လောင်းလှေတွေရဲ့ ပင်လယ်ပြင် အတွင်း သွားလာနေခြင်းအား ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်ကစပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ အကန့်အသတ်မရှိ အရေးပေါ် ပိတ်ထားလိုက်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

အကယ်၍ အရေးပေါ် ကျန်းမာရေး (သို့မဟုတ်) မဖြစ်မနေ သွားလာရမည့် ကိစ္စများရှိလာရင် သက်ဆိုင်ရာ၊ နီးစပ်ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတွေကို ဆက်သွယ်ပြီး သတ်မှတ် လမ်းကြောင်း၊ အမှတ်အသားတွေကို ပြုလုပ်ပြီး သွားလာနိုင်ကြောင်းနဲ့ AA စစ်ဆေးတာကို ကြည်ဖြူစွာ ခံယူရမည့်အကြောင်း ကြေညာချက်မှာပါဝင်ပါတယ်။ ဒီအမိန့်ကိုမရုတ်သိမ်းမချင်း သံတွဲနဲ့ ဂွတဝိုက်က ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

Most read