Homeပြည်တွင်းသတင်းသာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနှိပ်စက်နေ

သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနှိပ်စက်နေ

၁၉ ဩဂုတ်၊ ၂၀၂၄

အင်းစိန်ထောင်က သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်တဲ့ အကျဉ်းသား ၃၀၀ ကျော်ကို ထောင်အာဏာပိုင်တွေက ရန်သူသဖွယ် ညှင်းပန်းနှိပ်စက်နေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

ဒီအကျဉ်းသားတွေကို ဇူလိုင်လက ထောင်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သာယာဝတီထောင်ကို ရောက်တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်များက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ထောင်အဝင်နဲ့ ထောင်ဗူးဝမှာ ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။

ရိုက်နှက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်တို့က ဦးခေါင်းနဲ့တခြားနေရာတွေမှာ ဒဏ်ရာရခဲ့တဲ့အပြင် ထောင်ပြောင်းနဲ့ရောက်လာတဲ့အကျဉ်းသားတွေကို ပြစ်မှုကျူးလွန်တာမျိုးမရှိဘဲ ခြေကျင်းဒေါက်ခတ်တာ ၁ လ ကျော်ကြာနေပြီလို့ သိရပါတယ်။

ထောင်ပြောင်းနိုင်ကျဉ်းတွေထဲက Black List သွင်းထားတဲ့ နိုင်ကျဉ်း ၁၀ ဦးကျော်ကို ရိုက်နှက်ပြီး တိုက်ထဲထည့် ခြေကျင်းဒေါက်ခတ်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းမဲ့ရိုက်နှက်သူတွေထဲမှာ သာယာဝတီထောင်က ထောင်ဝန်ထမ်း (တပ်ကြပ်အဆင့်) စိုးမင်းက အဓိက ပါဝင်နေပြီး ထောင်အာဏာပိုင်အားလုံးက ဖိနှိပ်မှုတွေကို‌ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဩဂုတ်လ ၁၉ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

Most read