Homeပြည်တွင်းသတင်းသာကေတနဲ့ ဒေါပုံ မြို့နယ်နှစ်ခုမှာ ၃ ရက်အတွင်း ဝမ်းပျက် ဝမ်းလျှော လူနာ ၁၆၇ ဦး ဆေးရုံတက်ရပြီး ပြင်းထန်ဝမ်းပျက်ရောဂါပိုး...

သာကေတနဲ့ ဒေါပုံ မြို့နယ်နှစ်ခုမှာ ၃ ရက်အတွင်း ဝမ်းပျက် ဝမ်းလျှော လူနာ ၁၆၇ ဦး ဆေးရုံတက်ရပြီး ပြင်းထန်ဝမ်းပျက်ရောဂါပိုး ၁၃ ဦးတွေ့ရှိ

ရန်ကုန်၊ ဇူလိုင် ၉

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်တို့မှာ ဇူလိုင်လ ၆ ရက်က ၈ ရက်အထိ ၃ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၁၆၇ ဦး ဆေးရုံတက်ကုသရပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၁၃ ဦး ကို စစ်ဆေး တွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဝမ်းပျက် ဝမ်းလျှော လူနာတွေထဲမှာ ပထမဆုံးလူနာတွေထဲက ၅ ဦးက ပြင်းထန်ဝမ်းပျက်ရောဂါ တွေ့ရှိရပြီး လူနာတစ်ဦးမှာ သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက် လူနာတွေထဲက ၂ ဦး ၊ ဇူလိုင်လ ၈ ရက် လူနာတွေထဲက ၆ ဦးဆီမှာလည်း ပြင်းထန် ဝမ်းပျက်ရောဂါပိုးကို တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရောဂါဇစ်မြစ်ကို ဒေါပုံနွယ်အေးကျူးကျော်သဲကွင်းရပ်ကွက်က အိမ်ခြေ ၁၆၆ လုံးက လူဦးရေ ၆၄၆ ဦးတို့ဟာ အများသုံးအိမ်သာ ၁၂ လုံးကို အသုံးပြုရာက ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဌာနက သတ်မှတ်ထားပါတယ်။ ဆေးရုံတက်လူနာတွေထဲမှာ သေဆုံးသူ မရှိဘဲ ပထမ သေဆုံးသူ ၆ ဦးဟာ ရောဂါအခံတွေကြောင့် သေဆုံးရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“သာကေတနဲ့ ဒေါပုံဘက်မှာ လမ်းဘေးဆိုင်တွေ ပိတ်ထားတယ်။ ဆေးဆိုင်တွေကိုလည်း ဝမ်းပိတ်ဆေး ပိုးသတ်ဆေးတွေ လာဝယ်ရင် အလွယ်မရောင်းဖို့ ဆေးခန်း ဆေးရုံသွားခိုင်းဖို့ အဲ့လို မှာတယ်။ ဒီဘက်မှာက လက်လုပ်လုပ်စားသမားတွေလည်း ရှိတော့ တော်ရုံလူတွေ ဖြစ်နေတာ အချင်းချင်းလဲ မသိကြဘဲ အခုလို တအားပျံ့သွားမှ ကူးစက်ရောဂါဆိုတာ သိတာ” လို့ ဒေါပုံမြို့နယ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လက်ရှိမှာ ဒေါပုံမြို့နယ်က ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ပြီး သာကေတမြို့နယ်ဘက်မှာတော့ လူနာသစ်တွေ နေ့စဉ်ရှိနေတယ်လို့ သာကေတမြို့နယ်က ပရဟိတသမား တစ်ဦးက ဆိုပါတယ်။ “လူနာနေ့တိုင်းရှိတယ်။ ကျွန်တော်တို့ဆိုလည်း လူနာတင်ပြီးတာနဲ့ ကားနဲ့ လူကိုယ်တိုင်ကို သန့်ရှင်းအောင်ပြန်လုပ်ရတယ်။ လူနာတွေက ဆေးရုံတွေမှာလည်းအပြည့်ပဲ”လို့ New Day Myanmar ကို သူက ပြောပါတယ်။

စက်ရုံ ၊ အလုပ်ရုံ ၊ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်းလို လူစုလူဝေး ရှိတဲ့နေရာတွေမှာ ဝမ်းရောဂါမပြန့်ပွားဖို့ အလေးထားပြီး လုပ်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ လက်ရှိမှာ သာကေတမှာ စတင်ဖြစ်ပွားရာက ဒေါပုံ ၊ ပုစွန်တောင် ၊ မင်္ဂလာတောင်ညွန့် နဲ့ ဗိုလ်တထောင် စတဲ့ မြို့နယ်တွေမှာပါ ဝမ်းပျက်ဝမ်းလျှောရောဂါ ပြန့်ပွားနေကြပြီး ဆေးရုံတက်ကုသရသူတွေထဲ သေဆုံးသူတော့ ထပ်မရှိဘူးလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read