၂၃ ဖေဖော်ဝါရီ၊ ၂၀၂၅
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် သွားရောက်မယ့် ထိုင်းနိုင်ငံတောင်ပိုင်းက နေရာတချို့မှာ မနေ့ညကနဲ့ ဒီနေ့မနက်ပိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက်ပိုင်း ၁၀ နာရီခန့်က နရာထီဝပ်ပြည်နယ်၊ ဘန်သွန်လေဆိပ်က လေကြောင်းထိန်းတာဝါအနီးမှာ ရပ်ထားတဲ့ မီးသတ်ဌာနရဲ့ ထရပ်ကားတစ်စီးမှာ အသေးစားပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ လေယာဥ်ဆိုက်ရောက်လာခြင်းမရှိခင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သက်ဆင်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားအစိုးရရဲ့ အကြံပေးအဖြစ်တာဝန်ယူထားပြီး ထိုင်းတောင်ပိုင်းက မြို့ ၃ မြို့ ( ပတ္တနီ၊ ယာလာနဲ့ နရထီဝပ်) ကို သွားရောက်ဖို့ရှိပါတယ်။ သူနဲ့အတူ ကာကွယ်ရေးဝန်ကြီး ဖွန်သန်ဝီချာရချိုင်နဲ့ တရားရေးဝန်ကြီး တာဝီဆော့ဆန်တို့လည်း လိုက်ပါသွားပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် ည ၈ နာရီဝန်းကျင်မှာ ယာလာက Big C လူသုံးကုန်စတိုးဆိုင်ရှေ့မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစောပိုင်း ရထားတဲ့ သတင်းတွေအရ သိရပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးနဲ့ အရပ်သား ၄ ဦးပါတယ်လို့ ဆိုပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က အခု ပေါက်ကွဲမှုဖြစ်ပွားတဲ့ နရာထီဝပ်ခရိုင်၊ Tak Bai မှာ ဆန္ဒပြသူ လူအယောက် ၈၅ဦးထက်မနည်း သေစေခဲ့ပြီး လူ ရာနဲ့ချီ ဒဏ်ရာအပြင်းအထန်ရအောင် စစ်တပ်အင်အား၊ ရဲအင်အားကို သုံးပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပါတယ်။
ပုံစာ- ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ Big C စတိုးဆိုင်
ဓာတ်ပုံ -Yala Today