Homeပြည်တွင်းသတင်းလေးရက်ကြာအပစ်ရပ်ဖို့ ကြေညာထားတဲ့ ရှမ်းမြောက်မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်

လေးရက်ကြာအပစ်ရပ်ဖို့ ကြေညာထားတဲ့ ရှမ်းမြောက်မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်

၁၈ ဇူလိုင်၊ ၂၀၂၄

လေးရက်ကြာ အပစ်အခတ် ရပ်စဲဖို့ ကြေညာထားတဲ့ ရှမ်းမြောက်က TNLA ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီဘက်က လေကြောင်းကကော မြေပြင်ကပါ ဆက်ပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကျောက်မဲမြို့မှာ ဇူလိုင် ၁၇ ရက်နဲ့ ဒီနေ့ ဇူလိုင် ၁၈ ရက်တို့မှာ ပစ်ခတ်နေကြပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းမှာတော့ လေကြောင်းက ကင်းထောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်ပြီး ဒဏ်ရာရသူစာရင်းအတိအကျ မသိရသေးဘူးလို့ သိရပါတယ်။

ဇူလိုင်လ ၁၇ရက် တစ်နေ့တည်းမှာ စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက်ပြီး မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့မှာ အရပ်သား ၆ ယောက် သေဆုံးတယ်လို့ PSLF/TNLAဘက်က ထုတ်ပြန်ပါတယ်။

မိုးကုတ်က သေဆုံးသူတွေထဲမှာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပါဝင်ပါတယ်။ TNLA ရဲ့ စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့မှာ ဇူလိုင် ၁၇ ရက်က လက်နက်ကြီးပေါက်ကွဲပြီး မိသားစုဝင်သုံးယောက် သေဆုံးခဲ့ပါတယ်။

၄ ရက် ယာယီအပစ်ရပ်ဖို့ ကြေညာထားတဲ့ ၄ ရက်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်း ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့် ၃ ရက်အတွင်း အရပ်သား ပြည်သူ ၉ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ကဖော်ပြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမြို့တွေမှာ ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေး ၂၃ ရက်ကာလအတွင်းမှာ စစ်ကောင်စီ တပ်က အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ပြည်သူ ၇၆ ဦးသေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ကြေညာထားပါတယ်။

MNDAA နဲ့ TNLA တို့ရဲ့ စစ်ကောင်စီနဲ့ ယာယီအပစ်အခတ်ရပ်စဲထားတဲ့ ၄ ရက်တာ ကာလဟာ ဇူလိုင် ၁၈ ည ၁၂ နာရီအချိန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ပုံ-စာ မိုးကုတ်မြို့ ညောင်သုံးပင်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲစဉ်( သက်မြတ်နိုး လူမှုကွန်ယက် )

ဆက်စပ် သတင်းများ

Most read