Homeပြည်တွင်းသတင်းလောက်ကိုင်ဆေးရုံကို ပစ်မှတ်ထားပြီး စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

လောက်ကိုင်ဆေးရုံကို ပစ်မှတ်ထားပြီး စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

၂ ဩဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ လောက်ကိုင်မြို့ ၊ လောက်ကိုင်ပြည်သူ့ဆေးရုံကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဩဂုတ်လ ၂ ရက် မနက် ၁နာရီဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့က ရမခတိုင်းရုံးကို MNDAA တပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီက တုံ့ပြန်တဲ့အနေနဲ့ MNDAA ထိန်းချုပ်ရာဒေသဖြစ်တဲ့ လောက်ကိုင်က ပြည်သူ့ဆေးရုံကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဆေးရုံကိုတိုက်ခိုက်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးစာရင်းနဲ့ ဒဏ်ရာရစာရင်းတွေကို ကောက်ယူနေတုန်း ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ တက်လာတဲ့ ရုပ်သံဖိုင်တွေအရ ပြည်သူတွေအိပ်မောကျချိန် ညလယ်ခေါင်မှာ ဗုံးကြဲခံရပြီး အဆောက်အအုံတွေ မီးလောင်ပျက်စီးသွားတာ နဲ့ မီးလောင်ပြင်ကို MNDAA တပ်ဖွဲ့ဝင်တွေ မီးငြိမ်းသတ်နေတာကို တွေ့ရပါတယ်။

ပထမဆုံး တုံချိန်ရပ်ကွက်က မျှော်စင်ကြီးကို ဗုံးကြဲခံရပြီး ပြည်သူ့ဆေးရုံအနီးကို စစ်ကောင်စီက ဗုံးထပ်ကြဲတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လေကြောင်းက တိုက်ခိုက်မှုမှာ ဗုံး ဘယ်အရေအတွက် အတိအကျ မသိရဘဲ အဆောက်အအုံ ၁၀ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ဇူလိုင်လ ၁၄ ရက်ကစပြီး စစ်ကောင်စီဟာ လောက်ကိုင်မြို့ကို လေကြောင်းက လေးကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပြီး အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၂၃ ရက် နံနက် ၁ နာရီခွဲကျော်မှာလည်း လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟိုတယ်နဲ့ ဆိုင်ခန်း အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ ပူးပေါင်းတော်လှန်ရေးတပ်တွေနဲ့အတူ လားရှိုးမြို့က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ လက်အောက်ခံ ခလရ-၆၈၊ ခလရ-၄၁၊ ခမရ-၅၀၇၊ အမှတ် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ် အပါအဝင် လားရှိုးလေဆိပ်တို့ကို ထိန်းချုပ်ထားပြီး ရမခ တိုင်းရုံးထဲကိုဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် အခြေစိုက်ထားတဲ့ လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသတစ်ခုလုံးကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ MNDAA က စစ်ကောင်စီ လက်အောက်ကနေ ပြန်လည်သိမ်းယူခဲ့တာပါ။ ဒီစစ်ဆင်ရေးမှာ လောက်ကိုင်မှာအခြေစိုက်တဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် က လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်ထားတဲ့ ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ MNDAA တပ်ကို လက်နက်ချပြီး လောက်ကိုင်ကနေ ဆုတ်ခွာ ပေးခဲ့ရပါတယ်။

ဆက်စပ် သတင်းများ

Most read