Homeပြည်တွင်းသတင်းလားရှိုးမြို့ မီးပေးနိုင်ရေး အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီက ပြုပြင်ဆောင်ရွက်နေကြောင်း MNDDA ဆို

လားရှိုးမြို့ မီးပေးနိုင်ရေး အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီက ပြုပြင်ဆောင်ရွက်နေကြောင်း MNDDA ဆို

၃၀ ဩဂုတ်၊၂၀၂၄

စစ်ပွဲအပြီး ပြည်သူတွေရဲ့ စားဝတ်နေရေး ပြန်လည်ကောင်းမွန်လာစေဖို့ လားရှိုးမြို့မှာ လျှပ်စစ်မီး ပြန်လည်ရရှိဖို့ အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီမှ လားရှိုးမြို့ ဓာတ်အားပေးဝေမှု စနစ်အား ပြုပြင်ပေးနေတယ်လို့ MNDAA က သြဂုတ် ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။

လားရှိုးတိုက်ပွဲအပြီးMNDAA ရဲ့ အထူးဒေသ(၁) အုပ်ချုပ်မှုကော်မတီက စစ်ပြီးခေတ် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် လုပ်ငန်းအဖွဲ့ကို ချက်ချင်းဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဒဏ်ကြောင့် လားရှိုးမြို့ လျှပ်စစ်ဓာတ်အားပေးဝေမှုစနစ်မှာ လက်ရှိတွင် ပြတ်တောက်နေပြီး ဓာတ်အား ပြန်လည်ရရှိရေးအတွက် အထူးဒေသ(၁) ရေနဲ့လျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်း ၁၀ ဦးကို လားရှိုးမြို့မှ ဒေသခံဝန်ထမ်းတွေနဲ့ မြို့မှာရှိတဲ့ 33KV ပင်မလိုင်းကို ပြုပြင်နေတယ်လို့ ထုတ် ပြန်ထားပါတယ်။

မြို့တွင်းပျက်စီးသွားတဲ့ မီးတိုင်တွေကို အစားထိုးဗို့အားမြင့်လိုင်းတွေ ပြန်လည် သွယ်တန်း ပေးမည်ဖြစ် ကြောင်းနဲ့ သက်ဆိုင်ရာ လုပ်ငန်းတွေမှာ ရက်အနည်းငယ်အတွင်း ပြီးစီးနိုင်မယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး လျှပ်စစ်ဓာတ်အားရရှိရေး အပြည့်အဝအာမခံရန်အတွက် ရေအားလျှပ်စစ်ကုမ္ပဏီမှ အနည်အနှစ်စွန့်ထုတ်မှု၊ ရေလမ်းကြောင်းသန့်ရှင်းရေးနဲ့နန်မဲချောင်း အဆင့် ၂ ရေအားလျှပ်စစ် စခန်းအတွက် တာဘိုင်စမ်းသပ်လည်ပတ်ခြင်းစတဲ့ ပဏာမပြင်ဆင်မှုတွေကို ဆောင်ရွက်သွား မှာဖြစ်တယ်လို့ သိရပါတယ်။

အထူးဒေသ ရေအားလျှပ်စစ် ကုမ္ပဏီမှ ဓာတ်အားလိုင်းတွေပြုပြင်ခြင်း ပြီးစီးပါက မကြာမီ လားရှိုးမြို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လျှပ်စစ်မီးမရခင် လားရှိုးပြည်သူတွေအနေနဲ့ မိမိတို့ အိမ်ရှိဓာတ်ကြိုးတွေနဲ့ Circuit Breaker တွေကို စစ်ဆေးပြင်ဆင့်ထားဖို့ ကိုလည်း MNDAA က အသိပေးထားပါတယ်။

ပုံစာ -( လားရှိုးမြို့အား MNDAA သိမ်းပိုက်ပြီးနောက် မြို့တွင်းသွားလာနေသည့် ဒေသခံများ)

Photo – The KoKang

ဆက်စပ် သတင်းများ

Most read