Homeပြည်တွင်းသတင်းလားရှိုးမြို့တွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လားရှိုးအထွက်ဂိတ်မှာ စစ်ဆေးရေးတင်းကြပ်

လားရှိုးမြို့တွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လားရှိုးအထွက်ဂိတ်မှာ စစ်ဆေးရေးတင်းကြပ်

၃၀ ဇူလိုင်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းမှာ ဒီနေ့ ဇူလိုင် ၃၀ မနက်ပိုင်းအထိ စစ်ကောင်စီနဲ့ MNDAA တို့ကြားမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ သာသနာ (၂၅၀၀) တောင်ခြေနဲ့ လားရှိုးဘူတာအနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တိုင်းရုံးအနီးတဝိုက်လည်း ဒီမနက်မှာ ပစ်ခတ်ကြောင့် မီးလောင်နေပြီး မန်ဆူဘုရားအနီးမှာလည်း ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

လားရှိုးမြို့က အထွက်ဂိတ်မှာ MNDAA တပ်ဖွဲ့ဝင်တွေက စောင့်နေပြီး မြို့က အပြီးထွက်မယ်ဆိုမှသာ ပေးထွက်နေတယ်လို့ သိရပါတယ်။

MNDAA က ပရဟိတ လူမှုကူညီရေးအဖွဲ့ဝင်တွေကိုလည်း မြို့ထဲကို ဝင်ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် လားရှိုးမြို့အထွက်ဂိတ်မှာ ဖုန်းကို သေချာစစ်ဆေးနေပြီး စစ်ကောင်စီနဲ့ပတ်သတ်တယ်လို့ ယူဆရတဲ့ လူတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတာမျိုးလည်း ရှိတယ်လို့ ဒေသခံ စစ်ရှောင်တွေက ဆိုပါတယ်။
ဒါ့အပြင် လားရှိုးမြို့က နမ့်လန်ကို သွားတဲ့လမ်းမှာလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကားတွေ ပိတ်မိနေပြီး လူတွေ ရာချီ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

“လားရှိုးမြို့ ဖုန်းလိုင်းတွေ မရတော့ပါဘူး။ တချို့နေရာတွေမှာ mec cdma တွေ မိပါတယ်။ အခုက မြို့မှာ ကိုးကန့်တွေ ရှိတယ်။ တခြားတပ်တွေလည်း ပါတယ် ပြောပေမဲ့ လမ်းမှာမတွေ့ခဲ့ပါဘူး။ ဝတပ်တွေက နဂိုထဲက လားရှိုးမှာ ရုံးဖွင့်ထားတာပါ။ လားရှိုးက ထွက်တဲ့နေရာတော့ စစ်ပါတယ်။ ကျွန်မတို့တွေက လွတ်လာတယ်။ ၅ ယောက် ၆ ယောက်လောက်ကို ကြိုးနဲ့တုတ်ဖမ်းထားတာ တွေ့တယ်။ ယောကျာ်းလေးတွေပါ။ တရုတ်လိုလဲ စစ်ကြတယ်။ တချို့ကိုးကန့်တပ်ဝတ်စုံနဲ့က မြန်မာလိုလဲ တတ်တယ်။ သူတို့ကို ဘယ်ကိုသွားမလဲဆိုတာ အတိအကျပြောရပါတယ်။ ပြီးတော့ ထွက်ပြီးရင် ပြန်ဝင်လို့မရဘူးလို့ သူတို့ကပြောပါတယ်” လို့ လားရှိုးမြို့က စစ်ရှောင်လာတဲ့ အမျိုးသမီးတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

MNDAA က အကျဉ်းထောင်ရှိတဲ့ ရပ်ကွက် ၁၂ ကို သိမ်းပိုက်ထားပါတယ်။ လားရှိုးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ၄၀၀ ကျော် ရှိတဲ့အထဲက ၂၀၀ ကျော်သာ လွတ်လာပြီး ၂၀၀ ဝန်းကျင်ခန့်မှာ ထောင်ထဲ ဆက်ပြီး ပိတ်မိနေတယ်လို့ သိရပါတယ်။

လားရှိုးထောင်ကို လတ်တလော MNDAA တပ်က ထိန်းချုပ်ထားပြီး နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသားတွေကို စိစစ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။

Photo- Saimoon Lao

ဆက်စပ် သတင်းများ

Most read