Homeပြည်တွင်းသတင်းလားရှိုးမြို့ခံတွေ မြို့ထဲမှာ ဝင်ရောက်နေထိုင်ခွင့်ပြု

လားရှိုးမြို့ခံတွေ မြို့ထဲမှာ ဝင်ရောက်နေထိုင်ခွင့်ပြု


၈ ဩဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ တိုက်ပွဲတွေ ဖြစ်နေသေးပေမဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ MNDAA နဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့ခံတွေကို မြို့ထဲ ပြန်ဝင်ခွင့်ပြုနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဩဂုတ်လ ၆ ရက်မှာ မြို့တွင်းဝင်လိုသူတွေကို ၁၃/လရန(နိုင်) မြို့ခံဖြစ်ကြောင်း ခိုင်မာရင် ဝင်ခွင့်ပေးနေပြီး ဩဂုတ်လ ၇ ရက်မှာတော့ ၁၃/လရန(နိုင်)မဟုတ်လည်း မြို့ခံဖြစ်ကြောင်းအထောက်အထားခိုင်မာရင် ဝင်ခွင့်ပေးတယ်လို့ သိရပါတယ်။

လားရှိုးမြို့ခံ ပရဟိတအဖွဲ့တစ်ခုရဲ့ လူမှုကွန်ယက်မှာတော့ လားရှိုးမြို့ကို ဝင်လို့ ရပြီဆိုတဲ့အကြောင်းနဲ့ လားရှိုးမြို့မှာ စစ်အတွင်း ကျန်ခဲ့သူတွေက မြို့ကို သန့်ရှင်းရေးတွေ လုပ်ကိုင်နေတဲ့အကြောင်း ဖော်ပြ ထားတာကိုတွေ့ရပါတယ်။

လားရှိုးမြို့ခံတွေအနေနဲ့ မြို့ထဲကို ဝင်လို့ရသလို လိုအပ်တဲ့ပစ္စည်းတွေ ယူပြီးပြန်ထွက်လို့ ရတဲ့အကြောင်း ကိုးကန့်တပ်က ကြေညာထားပေမဲ့ အထွက်မှာ လုံခြုံရေးတင်းကြပ်တယ်လို့လည်း သိရပါတယ်။

ဒေသတွင်းမှာတော့ လားရှိုးမြို့က နေအိမ်တွေမှာ တအိမ်တယောက်အနည်းဆုံး လူရှိနေဖို့ရယ်၊ ပျက်စီးသွား တဲ့နေအိမ်တွေကို ပြန်ပြီး ပြုပြင်စရိတ်ပေးမဲ့သတင်းရယ် ထွက်ပေါ်နေပေမဲ့ အတည်ပြုလို့ မရသေးပါဘူး။

Photo-Freedom Youthn Volunteer – FYV

ဆက်စပ် သတင်းများ

Most read