Homeပြည်တွင်းသတင်းလားရှိုးမြို့ကို အထူးအုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရက အုပ်ချုပ်သွားမယ်လို့ MNDAA ကြေညာ

လားရှိုးမြို့ကို အထူးအုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရက အုပ်ချုပ်သွားမယ်လို့ MNDAA ကြေညာ

၂၆ ဇူလိုင်၊ ၂၀၂၄

MNDAA အဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို အထူးဒေသအုပ်ချုပ်ခွင့်ရ ပြည်သူ့အစိုးရက အုပ်ချုပ်သွားမှာ ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထိန်းချုပ်ရေးကော်မရှင်ကို ဖွဲ့စည်းပေးသွားမယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

၂၃ ရက်ကြာ တိုက်ယူခဲ့တဲ့ လားရှိုးတိုက်ပွဲကို အဆုံးအဖြတ်နဲ့ အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး ကျန်တဲ့ ရန်သူတွေကိုလည်း မောင်းထုတ်လိုက်နိုင်တဲ့အတွက် လားရှိုးမြို့ ပြည်သူတွေ ကြောက်စရာမလိုကြောင်း ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။ အုပ်ချုပ်ရေးအပိုင်းနဲ့ တပ်စွဲခြင်းအပိုင်းတို့အတွက် ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေမှာ မဟုတ်တဲ့အတွက် စိုးရိမ်စရာမလိုကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ကြေညာချက်ထဲမှာ လားရှိုးမြို့ကို လက်ရှိ အုပ်ချုပ်ရန် စစ်ဘက်ဆိုင်ရာ အထူးကော်မရှင်ကို ဖွဲ့စည်းပေးသွားမှာ ဖြစ်ပြီး အရင် စစ်ကောင်စီရဲ့ ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမ၊ ဆရာဝန်၊ သူနာပြုတို့က မိမိတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရန်လိုအပ်ပြီး စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ စစ်ဘက်ဆိုင်ရာ ထိန်းချုပ်မှုကော်မရှင်နဲ့ ပူးတွဲလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

လားရှိုးမြို့တဝိုက်မှာ မဟာမိတ်တပ်တွေ တိုက်ခိုက်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး တွေ့ရှိရင် MNDAA က ဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်ပါတယ်။ လားရှိုးမြို့မှာ မဟာမိတ်တပ်တွေ ရောက်နေတာကြောင့် မြို့တွင်းက လူများ၊ ဈေးများလည်ပတ်မှုကို မပြတ်တောက်စေဘဲ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်အောင် လုပ်ငန်းစတင်ရမယ်လို့ ပါရှိပါတယ်။

ကိုးကန့်တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ စည်းကမ်းဖောက်ဖျက်မှုတွေကို နိုင်ငံသားများအနေနဲ့ ဘယ်အချိန်မဆို တိုင်ကြားလို့ရကြောင်းနဲ့ မဟာမိတ်တပ်တွေက စည်းကမ်းဖောက်ဖျက်တဲ့ အရာရှိနဲ့ စစ်သည်တွေကိုလည်းတိုင်ကြားနိုင်တယ်လို့ ပါရှိပါတယ်။

လားရှိုးမြို့တွင်းမှာ ဆက်သွယ်ရေးလိမ်လည်မှုတွေ၊ ဒုစရိုက်စီးပွားရေးလုပ်ငန်းတွေနဲ့ ဒုစရိုက်နဲ့ ဆက်နွယ်နေတဲ့လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။ အများပြည်သူအထိတ်တလန့်ဖြစ်စေတဲ့ ကောလဟလနဲ့ သတင်းမှား ဖြန့်သူတွေကိုလည်း ပြစ်ဒဏ်အလျောက် အရေးယူမှာဖြစ်ပါတယ်။ စစ်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြုပြင်ဖို့ ပြန်လည်တည်ဆောက်ဖို့ကို ထောက်ပံ့ငွေတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

လားရှိုးမြို့ကို သိမ်းယူထားတဲ့ အထူးအုပ်ချုပ်ခွင့်ရအစိုးရကို ကြိုဆိုဖို့ ပြည်သူလူထုကြားမှာ စည်းရုံးဖို့လိုပြီး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတွေ ရှိလာရင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို သွားရောက်တိုင်ကြားနိုင်တယ်လို့ ဆိုကာ ကိုးကန့်တပ်က ဒုတိယ ညွှန်ကြားရေးမှူးနဲ့ ဒုရဲအုပ်တို့ရဲ့ ဖုန်းနံပါတ်တွေကို ကြေညာပေးထားပါတယ်။

Photo – MNDAA

ဆက်စပ် သတင်းများ

Most read