Homeပြည်တွင်းသတင်းလားရှိုးတိုက်ပွဲ တစ်လကျော်အတွင်းမှာ အရပ်သားသေဆုံးသူ ၁၃၃ ဦးရှိကြောင်း TNLA ထုတ်ပြန်

လားရှိုးတိုက်ပွဲ တစ်လကျော်အတွင်းမှာ အရပ်သားသေဆုံးသူ ၁၃၃ ဦးရှိကြောင်း TNLA ထုတ်ပြန်

၁ ဩဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တိုက်ပွဲတွေမှာ ၃၆ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၃၃ ရှိပြီး ဒဏ်ရာရရှိသူ ၁၇၀ ဦး ရှိနေတယ်လို့ တအာင်းလွတ်မြောက်ရေးတပ်(TNLA) က ဇူလိုင် ၃၁ ရက်က သတင်းထုတ်ပြန်ပါတယ်။

လားရှိုးမြို့က ရမခနဲ့ တပ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့တစ်ခုဖြစ်တဲ့ MNDAA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူနိုင်ထားပြီ ဖြစ်ပေမဲ့ ပြန့်ကျဲနေတဲ့စစ်ကောင်စီ တပ်သားတွေ ရှိနေသေးတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

လားရှိုးမြို့က အရပ်သားသေဆုံးမှုတွေဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၀၅ လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင် ၃၁ ရက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရပ်ကွက်၉ က ကုန်စုံဆိုင် မီးလောင်ပြာကျသွားပြီး အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးသုံးယောက် သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

ဇူလိုင် ၂၈ နဲ့ ၂၉ ရက်မှာ လားရှိုးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၇၀၀၅) သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂) စစ်လက်နက်တပ်ခွဲနဲ့ စစ်တပ်ဂေါက်ကွင်းတွေကို တိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့က ထွက်သွားချင်တဲ့‌ဒေသခံတွေကို MNDAA တပ်က ထွက်ခွာခွင့်ပေးထားပေမဲ့ ပြန်ဝင်လာလို့ မရကြောင်း အသိပေးနေတယ်လို့ စစ်ရှောင်ဒေသခံတွေဆီကသိရပါတယ်။ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးကို MNDAA က စစ်ရေးကော်မရှင်အဖွဲ့ဖွဲ့ပြီး အုပ်ချုပ်သွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read