Homeပြည်တွင်းသတင်းလပခကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပြီးနောက် စစ်ကောင်စီရဲ့ သေဆုံး ဒဏ်ရာရ ပျက်စီး စာရင်းကို BWM ထုတ်ပြန်

လပခကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပြီးနောက် စစ်ကောင်စီရဲ့ သေဆုံး ဒဏ်ရာရ ပျက်စီး စာရင်းကို BWM ထုတ်ပြန်

၄ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းက လပခ ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က သေဆုံးသူ ၇ ဦးရှိပြီး ဒဏ်ရာရသူ ၂၀ ဦး ရှိကာ Drone Control Station တစ်ခုအပါအဝင် တိုင်းရုံး ၊ စစ်ဆေးရုံ ၊ စစ်မြေပြင်ဆေးတပ်ရင်းနဲ့ စည်းရုံးရေးသင်တန်းကျောင်းတို့ ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM)က စက်တင်ဘာ ၄ ရက် ဒီနေ့ နေ့လည်မှာ ထုတ်ပြန်ကြေညာပါတယ်။

ရှော့တိုက်ဒုံး ၁၀ လုံးထဲက ၇ လုံးကို အောင်မြင်အောင် ပစ်ခတ်နိုင်ပြီး ပွိုင့်နေရာ ၅ ခုကို ကျရောက်ခဲ့ပါတယ်လို့ BWM က ဆိုပါတယ်။ ။ ပွိုင့်နေရာ ၁ နဲ့ ၂ ကို ၂ လုံးကျပြီး စစ်ဆေးရုံ နဲ့ စစ်မြေပြင်ဆေးတပ်ရင်းကို ထိပြီး စကစ တပ်သား ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

ပွိုင့်နေရာ ၃ ကို ၁ လုံးကျပြီး စည်းရုံးရေး သင်တန်းကျောင်း ပျက်စီးခဲ့ပါတယ်။ ပွိုင့်နေရာ ၄ ကို ၂ လုံးကျပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းရုံး (လပခ)ကို ထိခိုက်စေပါတယ်။ တိုင်းရုံးမှာ ဒုချုပ်စိုးဝင်း ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် အရာရှိ ၃ ဦး နဲ့ တပ်သား ၄ ဦး (ပေါင်း ၇ ဦး) သေဆုံးခဲ့တယ်လို့ BWM က ဆိုပါတယ်။

ပွိုင့်နေရာ ၄ က ရှော့တိုက်ဗုံးတစ်လုံးက ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း အိပ်တဲ့နေရာနဲ့ မီတာ ၄၀ အကွာမှာ ပေါက်ကွဲပြီး ဒုချုပ် စိုးဝင်းဟာ လပခ က နေပြည်တော်ကို မနက် ၄:၄၅ မှာ လေယာဉ် နဲ့ ပြေးသွားတယ်လို့ BMW ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီစစ်တိုင်းရုံးထဲမှာ စစ်ကောင်စီ နှင့် တရုတ် ပူးပေါင်းလုပ်ဆောင်နေတဲ့ ရှမ်း-မန်း ဒေသက Drone နှင် ကင်းထောက် တိုက်ခိုက်မှုတွေကို အဓိက ထိန်းချုပ် လုပ်ဆောင်နေတဲ့ Drone Control Station (အကြီးတစ်ခု) ထိခိုက်သွားတယ်လို့ ဖော်ပြပါတယ်။

ပွိုင့်နေရာ 5 မှာ နန်းမြို့ရိုး အပြင်ဘက်ကို ၂ လုံးကျပြီး ထပရ ၁၂၁ (ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း) ကိုထိမှန်ခဲ့တယ်လို့ BWM က လပခ မစ်ရှင်ရဲ့ သေဆုံး ဒဏ်ရာရ ပျက်စီးစာရင်းကို ဒီနေ့ စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ပုံစာ – BWM ရဲ့ သတင်းထုတ်ပြန်ချက်က လပခမစ်ရှင်ရဲ့ ပွိုင့်နေရာများပြ မြေပုံ

ပုံ – BWM

ဆက်စပ် သတင်းများ

Most read