Homeပြည်တွင်းသတင်းလက်တွေ့မှာ ထုတ်ယူလို့ မရတော့တဲ့ အထိ ပြတ်လတ်နေ ပေမယ့် HIV၊ တီဘီနဲ့ ငှက်ဖျားဆေး အလုံအလောက်ရှိတယ်လို့ စစ်ကောင်စီဝန်ကြီးပြော

လက်တွေ့မှာ ထုတ်ယူလို့ မရတော့တဲ့ အထိ ပြတ်လတ်နေ ပေမယ့် HIV၊ တီဘီနဲ့ ငှက်ဖျားဆေး အလုံအလောက်ရှိတယ်လို့ စစ်ကောင်စီဝန်ကြီးပြော

၁၃ ဖေဖော်ဝါရီ၊ ၂၀၂၅

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) မှ ‌ကူညီထောက်ပံ့မှုရပ်ဆိုင်းသွားပေမယ့် HIV၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်လိုအပ်တဲ့ ဆေးဝါး များ အလုံအလောက်ရှိတယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကကျန်းမာရေးဝန်ကြီးဌာန၊အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်တဲ့ နေပြည်တော်/တိုင်း‌ဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

HIV၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်လိုအပ်သည့် ဆေးဝါး ကုန်ကျ စရိတ်များကို နိုင်ငံတော်မှနှစ်စဉ် ရန်ပုံငွေ ကျပ် ၄၉ ဘီလီလံခန့် ကျခံသုံးစွဲလျက်ရှိပြီး ဆေးဝါးများလုံလုံလောက်လောက်ရှိတယ်လို့ ဒေါက်တာသက်ခိုင်ဝင်းကဆိုပါတယ်။

သို့ပေမယ့် HIV ပိုးကူးစက်ခံထားရသူများ သောက်သုံးရတဲ့ အေအာတီ (ART) ဆေးဝါးဟာ လက်ရှိအချိန်မှာ ထုတ်ယူလို့မရတော့ဘူးလို့ ဆေးဝါးသုံးစွဲသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“အစက ဆေးရုံမှာထုတ်ရတယ်။ နောက်ပိုင်းကျတော့ မြို့နယ်ကျန်းမာရေးရုံးတွေမှာပဲ ထုတ်ရတယ်။ အခုတော့ ဆေးကမရတော့ဘူး။ ဆေးရုံကလူနာတွေအတွက်ပဲ ဦးစားပေးထုတ်ပေးနေရတယ်တယ့်။ ဆေးရုံမှာလည်း ပစ္စည်း ပြတ်လုနီးနီးဖြစ်နေတယ်လို့ပြောတယ်။ ဒုက္ခရောက်တယ်။ ဒီမှာသေဖို့လည်းခက်တယ်” လို့ အေအာတီ (ART) ဆေးဝါးသုံးစွဲသူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကို HIV, တီဘီနဲ့ ငှက်ဖျားဆေး ထောက်ပံ့ပေးဝေမှုကို ရပ်ဆိုင်းထားဖို့ အမိန့်ပေးထားပြီးနောက်ပိုင်း အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ လူမှုကူညီရေး အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဆေးဝါးပေးဝေထောက်ပံ့မှု လုပ်ငန်းစဉ်တွေကို ရပ်နားထားတာပဲဖြစ်ပါတယ်။

မြန်မာမှာ HIV(အိတ်ချ်အိုင်ဗီ)ရောဂါပိုးကူးစက်ခံရသူတွေအတွက် ဆေးဝါးအခမဲ့ဖြန့်ဖြူးနေတဲ့ အမျိုးသားခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်ကို USAID ကအဓိကကူညီထောက်ပံ့နေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read