Homeပြည်တွင်းသတင်းရွှေငွေစျေးတက်လို့ စစ်ခေါင်းဆောင်ဒေါသထွက်၊လုပ်ငန်းရှင်အချို့ကို ခေါ်စစ်ခဲ့ရပြီး အရေးယူခဲ့ရလို့ ထွက်ပြော

ရွှေငွေစျေးတက်လို့ စစ်ခေါင်းဆောင်ဒေါသထွက်၊လုပ်ငန်းရှင်အချို့ကို ခေါ်စစ်ခဲ့ရပြီး အရေးယူခဲ့ရလို့ ထွက်ပြော

၉ ဇွန်၊ ၂၀၂၄

ဇွန်လ ၇ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အစည်းအဝေးပွဲမှာ ရွှေဈေးနဲ့ နိုင်ငံခြားငွေကြေးတွေ မြင့်တက်ခဲ့တဲ့အတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လက်အောက်ခံ စစ်ဗိုလ်ချုပ်တွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ ပြောကြားသွားတယ်လို့သိရပါတယ်။

မြင့်တက်ခဲ့တဲ့ဈေးတွေဟာ မဖြစ်နိုင်လောက်တဲ့ဈေးနှုန်းတွေ ဖြစ်ပြီး အဆမတန် တက်လာတယ်လို့ စစ်ကောင်စီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြီး စီးပွားရေးသမားတွေ ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင် လုပ်ထားလို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ရကြောင်း ၊ နိုင်ငံစီးပွားရေးကျဆင်းအောင် အဘက်ဘက်က ဝိုင်းပြီး တိုက်ခိုက်နေကြကြောင်း နဲ့ ပြည်ပမှာ အိမ်ခြံမြေတွေကို တရားမဝင်ငွေကြေးတွေနဲ့ ဝယ်ယူလို့ စစ်ဆေးနေရကြောင်း မနေ့က အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၃ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ထိုင်းကွန်ဒိုတိုက်ခန်းအရောင်းပြပွဲ ပြုလုပ်ပြီး ရောင်းချသူနဲ့ ဝယ်ယူသူတွေကို ဖမ်းဆီးအရေးယူပြီးနောက် Yoma Group က လုပ်ငန်းစု သူဌေးSerge Pun နဲ့ ဒါရိုက်တာ ၈ ဦးကိုလည်း ထိုင်းမှာ ကွန်ဒိုများ ဝယ်ယူရာမှာ ရိုးမဘဏ်ကတဆင့် ငွေပေးချေမှုကြောင့် ထိန်းသိမ်း စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေကို ကျယ်ကျယ်ပြန့်ပြန့်လဲလှယ်ပြီး ငွေကစားနေတဲ့ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦးကိုလည်း ဖမ်းဆီးထားပြီး သူတို့ရဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု အကောင့်တွေကို ပိတ်ပြီး သိမ်းဆည်း အရေးယူခဲ့တယ်လို့ သိရပါတယ်။ တချို့ ရွှေကုန်သည်တွေကို ဆိုင်တွေနဲ့အိမ်တွေသိမ်းဆည်းတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီသတင်းတွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ကြေညာထားတာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီ ချုပ်ကိုင်ထားတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီကနေ မေလအထိ ၅ လအတွင်း အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်၊ ထိုင်းဘတ်ငွေ ၁ ဘီလီယံခွဲကျော် နဲ့ တရုတ်ယွမ် သန်း ၄၀ ကျော်တို့ကို ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အတွက် Online Tradingက တဆင့် ရောင်းချပေးထားတယ်လို့ တရားဝင် ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read