တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ဟားလီးကွေ့စစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို လက်နက် ၁၉ လက်၊ ခဲယမ်းအတူ ဖမ်းဆီးရရှိခဲ့တယ်လို့ ဒူရကစစ်ကြောင်းရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာ အနီး ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ ဟားလီးကွေ့ စစ်ကောင် စီ တပ်စခန်းကို ညီနောင်မဟာမိတ်တပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို အရှင် ဖမ်းဆီးရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ဦးဆောင်မှု နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ KNU တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၅ ၊ ဥဩစစ်ကြောင်း၊ Dawei Guerrilla Revolutionary Force (DGRF) ၊ Tavoy People Liberation Force (TPLF) ၊ ဒေါနတပ်ခွဲ ၇ ၊ Sky Ghost Drone Force ၊ ဖက်ဒရယ် ဒူဝံကြယ်တပ်ဖွဲ့၊ အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း MA 1 သေနတ် ၉ လက်၊ MA 2 ၁ လက်၊ MA 3 ၆ လက်၊ MA 4 ၁ လက်၊ BA 100 ၁ လက် နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ – ဒူရက စစ်ကြောင်း