Homeပြည်တွင်းသတင်းရေဖြူမှာ စစ်ကောင်စီဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သား ၄ ယောက်သတ်ဖြတ်ခံရ

ရေဖြူမှာ စစ်ကောင်စီဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သား ၄ ယောက်သတ်ဖြတ်ခံရ

၅ ဇူလိုင်၊ ၂၀၂၄

ထားဝယ်ခရိုင်ရဲ့ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုထဲက ခေါင်ပြန်ကျေးရွာမှာ စစ်ကောင်စီတပ်က မတရားဖမ်းဆီးထားတဲ့ ရွာခံတွေကို နှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရသူတွေအနက် အပြစ်မဲ့အရပ်သား လေးဦးကတော့ ဦးကျော်စိန် (အသက် ၆၀ ကျော်)၊ ဦးအောင်ဇော်ဝင်း (အသက် ၄၅ နှစ်)၊ ဦးသားသား (ခ) ဦးလိုင်းယား (အသက် ၅၅ နှစ်) နဲ့ ဦးနိုင်နိုင် (အသက် ၄၁ နှစ်) တို့ဖြစ်ကြပါတယ်။

စစ်ကောင်စီတပ်က အဆိုပါရွာခံတွေကို သတ်ပြီးနောက်မှာ အလောင်းတွေကို ခေါင်ပြန်ရွာချောင်းအတွင်း စွန့်ပစ်ခဲ့ကြောင်း၊ ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့တို့တွင် အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အလောင်းတွေမှာ လက်ပြန်ကြိုးတုပ်ထားသလို၊ ဓားထိုးသွင်းဒဏ်ရာများအပြားလည်း တွေ့ရှိရပြီး ရုပ်ပျက်စီးနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေအားလုံးဟာ သာမန်အရပ်သားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခေါ်သွားခံရသူတွေအနက် အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံလေးဦးက ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၁ ရက်ကစပြီး ခေါင်ပြန်ရွာကနေ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာတဝိုက်ကို စစ်ဆင်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဒီလို အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အာဏာသိမ်းစစ်ကောင်စီက လုံးဝတာဝန်ခံရမယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ် သတင်းများ

Most read