၆ မတ်လ ၂၀၂၆ | New Day Myanmar
ရုရှားနိုင်ငံက တိုက်ခိုက်ရေး စစ်ရေယာဉ် Sovershenyi နဲ့ Rezkiy သင်္ဘော ၂ စီးအပြင် အဆိုပါစစ်ရေယာဉ်တွေကို ဆီထောက်ပံ့ပေးတဲ့ အလတ်စား ဆီတင်သင်္ဘော Pechenga တို့ ယမန်နေ့ညနေပိုင်းမှာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားကို ရောက်ရှိလာတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ရေယာဉ်တွေမှာ ရေငုပ်သင်္ဘောတွေကို ဖျက်ဆီးနိုင်တဲ့ ပင်လယ်ရေအောက်တိုက်ခိုက်ရေး အဆင့်မြင့်စနစ်တွေနဲ့ လေကြောင်းတိုက်ခိုက်ရေး ဒုံးပျံစနစ်တွေ ပါဝင်တပ်ဆင်ထားတယ်လို့ သိရပါတယ်။
ဒီစစ်ရေယာဉ်တွေဟာ ရုရှားရေတပ်ရဲ့ ပစိဖိတ်စစ်ရေယာဉ်စုက သင်္ဘောတွေဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့တောင်အာရှ ရေပိုင်နက်နဲ့ အိန္ဒိယသမုဒ္ဒရာ ရေပိုင်နက်တွေကို ထိန်းချုပ်ရေး၊ ရုရှားနိုင်ငံရဲ့ အရှေ့ပိုင်းနယ်နိမိတ်တွေကို ကာကွယ်ရေးနဲ့ ကမ္ဘာ့သမုဒ္ဒရာတွေမှာ ရုရှားရဲ့ စစ်အင်အားကို ပြသရေးအတွက် အရေးပါတဲ့ စစ်ရေယာဉ်စုတစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အဆိုပါ သင်္ဘောတွေဟာ လေ့လာရေးခရီးအဖြစ် လာရောက်ခြင်းဖြစ်တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
စစ်ရေယာဉ်အဖွဲ့ကို Captain 1st Rank Andrei Gaevoi ဦးဆောင်လာပြီး အရာရှိနဲ့ စစ်သည်စုစုပေါင်း ၃၅၀ ဦး လိုက်ပါလာတယ်လို့ သိရပါတယ်။
အဆိုပါ ရုရှားစစ်ရေယာဉ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ မတ်လ ၁၀ ရက်အထိ ၆ ရက်ကြာ နေထိုင်သွားမှာဖြစ်ပြီး အဲဒီကာလအတွင်း ချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။


