Homeပြည်တွင်းသတင်းရန်ကုန်မြို့ပေါ် ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သူ ၄ ဦး အင်းစိန်ထောင်ပို့ထား

ရန်ကုန်မြို့ပေါ် ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သူ ၄ ဦး အင်းစိန်ထောင်ပို့ထား

၁၃ အောက်တိုဘာ၊ ၂၀၂၄

ရန်ကုန်မြို့ပေါ်က စစ်ကောင်စီ ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့လို့ ဖမ်းဆီးခံရတဲ့ ကိုဇော်လင်းထွဋ်ခေါ် ကိုဖိုးသား၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့ကို အင်းစိန်ထောင်ကို ပို့ထားတယ်လို့ သတင်းရရှိပါတယ်။

သူတို့ လေးဦးဟာ စက်တင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ပေါ်မှာ ကုန်ဈေးနှုန်းကျဆင်းဖို့၊ စစ်မှုထမ်းဥပဒေပယ်ဖျက်ဖို့နဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြတာပါ။ သူတို့ ၄ ဦးကို အောက်တိုဘာ ၁၁ ရက်မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးတယ်လို့ သတင်းရရှိပေမယ့် အသေးစိတ် အခြေအနေကို ဆက်ပြီး စုံစမ်းနေဆဲ ဖြစ်ပါတယ်။

သူတို့ ၄ ဦးကို စက်တင်ဘာ ၁၉ ရက်မှာ ဖမ်းမိသွားတဲ့နောက်မှာ ကျန်တဲ့သူတွေကို ပိုက်စိပ်တိုက် လိုက်ရှာနေပြီး အောက်တိုဘာလ ၉ ရက်ညမှာတော့ ဧည့်စာရင်းအကြောင်းပြပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေးမဟာမိတ် အင်အားစု ရန်ကုန် (Anti-Junta Alliance Yangon – AJAY) ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေနဲ့ တက်ကြွလှုပ်ရှားသူ ကိုရှိန်းဝေအောင်တို့ကိုလည်း ထပ်ပြီး ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ကိုပိုင်ဖြိုးမင်း(ခ) ဒီရေဟာAJAY ဦးဆောင်သူတစ်ဦးဖြစ်တဲ့အပြင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူပါ။ ကိုရှိန်းဝေအောင်ကတော့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ ပညာရေးပြုပြင်ပြောင်းလဲရေးအပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့တက်ကြွလှုပ်ရှားသူတစ်ဦးပါ။ ကိုရှိန်းဝေအောင်နဲ့အတူ မိဘနှစ်ပါးနဲ့ အစ်မဖြစ်သူတို့ကိုပါ ဖမ်းဆီးထားတာ ဖြစ်ပြီး အခုချိန်ထိ ဘယ်မှာ ထိန်းသိမ်းထားတယ်ကို မသိရသေးပါဘူး။

ကိုပိုင်ဖြိုးမင်းဟာ သံချပ်ထိုးမှုနဲ့ ၂ဝ၁၉ မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရပြီး ၂ဝ၂၁ ခုနှစ်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်မြောက်လာသူဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာ အန္တရာယ် ရှိနေပြီး ဖမ်းဆီးထားသူတွေနဲ့ပတ်သက်လို့ စစ်တပ်က တာဝန်ယူရမယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ထုတ်ပြန်ထားပါတယ်။

Photo – AJAY

ဆက်စပ် သတင်းများ

Most read