Homeပြည်တွင်းသတင်းရန်ကုန်နဲ့ ဧရာ၀တီတိုင်းက ဆန်ကုန်သည်နဲ့ ဆန်စက်လုပ်ငန်းရှင်တွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီး ဆန်စက်၊ ဆန်ဂိုဒေါင်နဲ့ ဘုရင့်နောင်က ဆန်ပွဲရုံတွေကိုပါ ချိတ်ပိတ်

ရန်ကုန်နဲ့ ဧရာ၀တီတိုင်းက ဆန်ကုန်သည်နဲ့ ဆန်စက်လုပ်ငန်းရှင်တွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီး ဆန်စက်၊ ဆန်ဂိုဒေါင်နဲ့ ဘုရင့်နောင်က ဆန်ပွဲရုံတွေကိုပါ ချိတ်ပိတ်

၂၂ ဇွန်၊၂၀၂၄

ရန်ကုန်နဲ့ ဧရာ၀တီတိုင်းမှ ဆန်ကုန်သည်နဲ့ ဆန်စက်လုပ်ငန်းရှင်တွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီး ဆန်စက်၊ဆန်ဂိုဒေါင်နဲ့ ဘုရင့်နောင်မှ ဆန်ပွဲရုံတွေကိုပါ ချိတ်ပိတ် နေတယ်လို့ ရန်ကုန် ဆန်လုပ်ငန်းရှင် တွေဆီက သိရပါတယ်။

စျေးကွက်အတွင်း ဆန်ဈေးနှုန်း ကြီးမြင့်အောင် ဆန်ကုန်သည်တွေက လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ စစ်ကောင်စီက ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ ဆန်ကုန်သည်တွေကို လိုက်ပြီး ဖမ်းဆီး နေတာ ဖြစ်ကြောင်းနဲ့ ဆန်စက်တွေနဲ့ ပွဲရုံတချို့ကိုလည်း ချိတ်ပိတ်ပြီး လုပ်ငန်းပိုင်ရှင်တွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

“ခေါ်ယူစစ်ဆေးနေတယ်လို့တော့သိရပါတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိရသေးဘူးလို့ “ ရန်ကုန်တိုင်း ရှိ ဆန်ကုန်သည်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး ဦးမင်းမင်းနဲ့ ဆန်ကုန်သည်တွေနဲ့ ဆန်စပါးလုပ်ငန်းရှင်တွေ အစည်းအဝေးအပြီမှာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက ဆန်လုပ် ငန်းရှင်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ရဲမင်းအောင်နဲ့ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ လူမော်မြင့် မောင်တို့ကိုလည်း အစည်းအဝေးတက်ဖို့ နေပြည်တော်ကိုဖိတ်ပြီး နေပြည်တော်မှာ ဖမ်းဆီး စစ်ဆေးနေ တယ်လို့ ဆိုပါတယ်။

“ဖြစ်ရပ်မှန်ပါတယ်၊ ကျွန်တော်တို့လည်း ရှောင်နေရတယ်၊”လို့ ဧရာ၀တီတိုင်းက ဆန်စက်ပိုင်ရှင်တဦးက New Day Myanmar ကိုအတည်ပြုပါတယ်။

လကိရှိဖမ်းဆီးခံထားရတဲ့ ဆန်စက်ပိုင်ရှင်နဲ့ ချိတ်ပိတ်ခံရတဲ့ ဆန်စက်နဲ့ ဂိုဒေါင်တွေ၊ ပွဲရုံတွေကတော့ လှိုင် သာယာမြို့နယ်က ရွှေလဝန်း ဆန်စက်ရုံ အပါအဝင် ဆန်စက်နဲ့ ဂိုဒေါင် ၁၀ ခု၊ ဒေးဒရဲမြို့နယ်က မိဘ မေတ္တာ ၂ ဆန်စက်နဲ့ ဆန်ဂိုဒေါင်တွေ၊ Goody ဆန်စက် ၊ ဘုရင့်နောင်ပွဲရုံက ဆန်ပွဲရုံတွေ ကို ဖမ်းဆီးချိတ်ပိတ် ထား တယ်လို့ သိရပါတယ်။

ဇွန်လ ၂၁ ရက် မနေ့က ည ၁၁ နာရီဝန်းကျင်ကလည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ အတွင်းက ဆန်ပွဲရုံ ၃ ခုထက်မနည်းကို စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read