၁၁ နိုဝင်ဘာ၊ ၂၀၂၄
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးကို စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Jashim Uddin က မြန်မာသံအမတ်ကြီးဦးကျော်စိုးမိုးကို ပြောဆိုလိုက်ကြောင်း Dhaka Tribune သတင်းဌာနက ရေးသားဖော်ပြပါတယ်။
နိုဝင်ဘာလ ၁၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ စစ်ကောင်စီမြန်မာသံအမတ် ဦးကျော်စိုးမိုးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး ဆွေးနွေးကြပါတယ်။ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးကိစ္စနဲ့ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို မော်တာကျည်တွေကျတာ၊ လှေတွေ ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နေထိုင်သူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်စေပြီး တင်းမာမှုတွေ တိုးလာတယ်လို့လည်း Jashim Uddinက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာကို သတိပေးပြောဆိုခဲ့ပြီး ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာလဆန်းမှာ နတ်မြစ်တွင်း မြန်မာ့ရေပိုင်နက်ကို ကျော်လွန်ပြီး ငါးလာဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၂၀ ဝန်းကျင်ကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ ဆိုးရွားနေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အငတ်ဘေးကြုံနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)လတ်တလောထုတ်ပြန်ထားတဲ့ နခန့်မှန်းချက်အပေါ် ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဝင်ရောက်တာတွေ ထပ်မဖြစ်အောင် ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း ဒုစရိုက်မှုတွေ မြင့်တက်လာတဲ့အပြင် စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာတာကြောင့် သူတို့ကို နေရပ်ပြန်ပို့ရေး စောစောစတင်နိုင်ဖို့ အရေးကြီးတယ်လို့ Jashim Uddin က ပြောဆိုပါတယ်။
မြန်မာစစ်ကောင်စီသံအမတ်က ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံလာသူတွေအရေး ဖြေရှင်းဖို့ လိုအပ်တာကို သိရှိနားလည်ကြောင်း တုံ့ပြန်ပြောဆိုသွားတယ်လို့ Dhaka Tribune သတင်းဌာနက ရေးသားထားပါတယ်။
ပုံစာ – ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့မြန်မာသံအမတ်ကြီး ရခိုင်အရေးတွေ့ဆုံဆွေးနွေးစဉ်
Photo – Courtesy