Homeပြည်တွင်းသတင်းရခိုင်မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအတွက် တရုတ်နဲ့ ဆွေးနွေးနေကြောင်း AA ပြော

ရခိုင်မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအတွက် တရုတ်နဲ့ ဆွေးနွေးနေကြောင်း AA ပြော

၈ ဇွန်၊ ၂၀၂၄

ရခိုင်ပြည်နယ်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သတ်ပြီး AA နဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေကြားမှာ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ​ဒီနေ့ ဇွန်လ၈ရက်မနက်ပိုင်းမှာ ကျင်းပ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ညီနောင် သုံးဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲအပြီးမှာ AA နဲ့ တရုတ်ဘက်က တာ၀န်ရှိသူတွေကြားမှာ ရခိုင်ပြည်နယ်က ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း ဆက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က တရုတ်အစိုးရနဲ့ လုပ်ငန်းစုတွေ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးဇုန် စီမံကိန်းတစ်ခု ရှိသလို ရမ်းဗြဲမြို့ကို ဖြတ်သန်းနေတဲ့ တရုတ်- မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရှိတဲ့အတွက် ဒါတွေကို မထိခိုက်စေဖို့ AA နဲ့ တရုတ်တို့ကြား သဘောတူညီချက် ရယူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစခန်းတွေကို AA တိုက်ခိုက်နေတဲ့ ကာလဖြစ်တဲ့ ၂၀၂၃ ဒီဇင်ဘာ ၂၆ရက်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ်နှင့် စစ်ကောင်စီ ကြား လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ မူဝါဒ AA မှာ အခိုင်အမာရှိ​တဲ့အကြောင်း ဦးခိုင်သုခက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်​ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ AA က မောင်တော၊ စစ်တွေ၊တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ အမ်းနဲ့ မာန်အောင်မြို့နယ်တို့ကို သိမ်းပိုက်ရန်ကျန်နေသေးပြီး AA က ရခိုင်ပြည်နယ်ကို အပြီးတိုင် သိမ်းပိုက်နိုင်တဲ့ထိ သိမ်းပိုက်မယ့်အကြောင်း ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read