Homeပြည်တွင်းသတင်းမွန်ပြည်နယ်မှာ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် ၆ လအတွင်း အရပ်သားပြည်သူ ၇၂ ဦးသေဆုံး

မွန်ပြည်နယ်မှာ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် ၆ လအတွင်း အရပ်သားပြည်သူ ၇၂ ဦးသေဆုံး

၁၄ ဇူလိုင်၊၂၀၂၄

မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၆ လတာကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၂ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၃၈ ဦးနဲ့ ဖမ်းဆီးခံရသူ ၇၆ ဦးရှိတယ်လို့ ရာမညဖက် ဒရယ်အင်အားစုသစ်က ထုတ်ဝေတဲ့ လဂွန်းအိမ်စာစဉ်မှာ ဖော်ပြလာမှုအရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့သတ် ဖြတ်မှုကြောင့် မွန်ပြည်နယ်အတွင်း အမျိုးသမီး ၁၉ ဦး၊အမျိုးသား ၅၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရ အမျိုးသမီး ၅၄ ဦး၊အမျိုးသား ၈၄ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၅၇ ဦး ရှိတယ်လို့ လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေဟာ မွန်ပြည်နယ် ၁၀ မြို့နယ်ထဲက စစ်ရေးပြင်းထန်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ကျိုက်မရောနဲ့ရေးမြို့နယ်အတွင်းက အရပ်သားပြည်သူတွေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲက ၁၅ ရာခိုင်နှုန်းကျော်ဟာ ကလေးသူငယ်တွေဖြစ်တယ်လို့လည်း ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

ထို့အပြင် မွန်ပြည်နယ်အတွင်းမှာ အခုနှစ် ပထမ ၆ လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေး အင်အားစုအဖွဲ့ တွေကြား ထိတွေ့တိုက်ပွဲပေါင်း ၁၁၃ ကြိမ်ဖြစ်ခဲ့ရာမှာ ကျိုက်မရောမြို့နယ်မှာ ၂၇ ကြိမ်၊ ကျိုက်ထိုနဲ့ရေးမြို့နယ်မှာ ၂၅ ကြိမ်စီ၊ ဘီးလင်းမြို့နယ်မှာ ၁၃ ကြိမ်၊သံဖြူဇရပ်မြို့နယ်မှာ ၉ ကြိမ်၊ သထုံမြို့ နယ်မှာ ၇ ကြိမ်နဲ့မုဒုံမြို့နယ်မှာ ၄ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ပထမ ၆ လမှာ စစ်ကောင်စီတပ်ဖွဲ့က မွန်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်လုပ်ခဲ့ပြီး ကျိုက်မရောမြို့နယ်မှာ ၁၉ ကြိမ်နဲ့ အများဆုံးဖြစ်ကာ ရေးမြို့နယ်မှာ ၉ ကြိမ်ရှိတယ်လို့ ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူပိုင် နေအိမ် ၅၉၁ လုံးနဲ့ ဘာသာရေးအဆောက် အအုံ ၈ ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း လဂွန်းအိမ်စာစဉ်မှာ ဖော်ပြထား ပါတယ်။

ဆက်စပ် သတင်းများ

Most read