Homeပြည်တွင်းသတင်းမြန်မာပြည်သူ သုံးပုံတစ်ပုံက လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေလို့ နိုင်ငံတကာက ချက်ချင်းပံ့ပိုးပေးဖို့ UN တောင်းဆို

မြန်မာပြည်သူ သုံးပုံတစ်ပုံက လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေလို့ နိုင်ငံတကာက ချက်ချင်းပံ့ပိုးပေးဖို့ UN တောင်းဆို

၅ စက်တင်ဘာ၊ ၂၀၂၄

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန် လာပြီး မြန်မာနိုင်ငံက ပြည်သူ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး နိုင်ငံတကာက ချက်ချင်း ပံ့ပိုးကူညီပေးဖို့ ကုလသမဂ္ဂက ကြေညာလိုက်ကြောင်း NHK က စက်တင်ဘာ ၄ ရက်က ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပြီးခဲ့တဲ့ ဇူလိုင်လက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တစ်နှစ်စာကို ထုတ်ပြန်ခဲ့ပါတယ်။

“မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရမှုတွေနဲ့ စားနပ်ရိက္ခာမလုံခြုံမှုတွေ ပိုပြီး ဆိုးရွားနေတယ်။ ပြင်းထန်တဲ့ပဋိပက္ခတွေကြားမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်”လို့ သူက ဆိုပါတယ်။

လူဦးရေ ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး ဒါဟာ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံ တစ်ပုံ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူဦးရေ ၅.၃ သန်းက အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့သူက ဆိုပါတယ်။ မြန်မာနိုင်ငံအတွက် အကြပ်အတည်းကို ထောက်ပံ့ကူညီဖို့ ရန်ပုံငွေပြတ်လပ်နေပြီး အရေးပေါ် သိုလှောင်ထားမှုတွေ ကုန်သွားတဲ့အတွက် နိုင်ငံတကာက ချက်ချင်း ပံ့ပိုးကူညီပေးဖို့ ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုထားပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကနေ အောက်တိုဘာ ၁၁ ရက်ထိ ကျင်းပမယ့် ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး Volker Turk ကလည်း ကြေညာထားပါတယ်။

ပုံမှန်အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးမှုပေါင်း အကြိမ် ၃၀ ပါဝင်မှာ ဖြစ်ပြီး မြန်မာ့အရေးအတွက် ၄ ကြိမ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပုံစာ – (စက်တင်ဘာလ ၃ ရက်မှာ ကျင်းပတဲ့ UNICEF ပုံမှန်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံက ကလေးတွေရဲ့ လက်ရှိလိုအပ်ချက်တွေကို တင်ပြနေပုံ)
Photo- NUG

ဆက်စပ် သတင်းများ

Most read