Homeပြည်တွင်းသတင်းမြန်မာပြည်တွင်းစက်သုံးဆီရှားပါးလာမှုကြောင့် အရေးပေါ်ယာဉ်တွေနဲ့လူမှုကူညီရေးအသင်းတွေ ဒုက္ခရောက်နေ

မြန်မာပြည်တွင်းစက်သုံးဆီရှားပါးလာမှုကြောင့် အရေးပေါ်ယာဉ်တွေနဲ့လူမှုကူညီရေးအသင်းတွေ ဒုက္ခရောက်နေ

၁၄ သြဂုတ်၊ ၂၀၂၄

ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီ တန်းစီဝယ်ယူနေပြီး လိုသလောက်၀ယ်မရတဲ့အတွက် ကိုယ်ထူကိုယ်ထလူမူကူညီရေးအသင်းတွေအနေနဲ့ ရပ်နားရမယ့်အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

သြဂုတ်လဆန်းကစပြီး စက်သုံးဆီဆိုင်တွေမှာ ဆီကို အကန့်အသတ်နဲ့ရောင်းချနေတာကြောင့် ၃ နာရီ နီးပါးကြာအောင်တန်းစီဝယ်ယူနေရကာ ပြင်ပပေါက်စျေးတစ်လီတာ ၅ ထောင်ကျော်အထိရှိနေတယ်လို့ သိရပါတယ်။

“အများပြည်သူကူညီပေးဖို့အရေးပေါ်ကား ၄ စီးမှာဆီတစ်တုံးစီပဲကျန်တယ်။ လက်ရှိခြေအနေအရ အပြည့်ထည့်ထားဖို့ အလှုရှင်ရှိရင်ကောင်းမယ်။ ဒါကုန်ရင်ဆီမရရင်ခဏရပ်ထားတာပေါ့”လို့ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကူညီပေးနေရတဲ့ကားတွေ စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေရတဲ့အခြေနေကြောင့် ကူညီပေးဖို့ တစီးနဲ့တစီးအလျင်မမှီတဲ့အခြေအနေနဲ့ကြုံနေရတယ်လို့ သိရပါတယ်။

“ပြင်ပမှောင်ခိုပေါက်စျေးကနေဝယ်ပြီးသုံးရမယ့်အခြေအနေတွေကြောင့် အရင်ကရပ်ကွက်ထဲလည့်ပြီး အလှုမခံခဲ့ရတဲ့အသင်းအချို့တောင် အချိန်မှီဆီထည့်နိုင်ဖို့ အရပ်ထဲအလှုခံရတာမျိုးနဲ့ကြုံနေရတယ်။ ပုံးနဲ့ဝယ်လို့လဲမရတော့ တစီးနဲ့တစီးကူဖို့အလျင်မမှီဘူးဖြစ်နေတယ်”လို့ရန်ကုန်မြို့ သာကေတမြို့နယ်က လူမူကူညီရေးအသင်းသားတဦးက ပြောပါတယ်။

ဒါ့အပြင် တာမွေမြို့နယ်က MNRO – မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကလည်း စက်သုံးဆီခက်ခဲနေတဲ့ အခြေနေကြောင့် အရေးပေါ်အရေးကြီးလူနာများကိုသာ အကူအညီတောင်းခံပေးကြပါရန် တောင်းပန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read