Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စစ်ကောင်စီကို စစ်အစိုးရလို့ စတင်သုံးနှုန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စစ်ကောင်စီကို စစ်အစိုးရလို့ စတင်သုံးနှုန်း

၁၁ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၁၁ ရက် ညပိုင်းမှာ တရုတ်သံရုံးက မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်ကြေညာရာမှာ အကြမ်းဖက်စစ်ကောင်စီကို စစ်အစိုးရလို့ ပထမဆုံးအကြိမ် သုံးနှုန်းပြီး သတင်းထုတ်ပြန်သွားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းထောက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun ဟာ ကြာသပတေးနေ့မှာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး ဒီခရီးစဉ်မတိုင်မီ ‘မြန်မာနိုင်ငံ စစ်အစိုးရ’ ရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျရှုံးခဲ့တဲ့အပေါ် မေးခွန်းထုတ်ခဲ့တယ်လို့ တရုတ်သံရုံးက ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

AFP သတင်းထောက်ရဲ့ မေးခွန်းမှာ ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ “ညီနောင်မဟာမိတ်သုံးဖွဲ့” ကို ညှိနှိုင်းပေးဖို့ စီစဉ်ထားပေမဲ့ ‘စစ်အစိုးရ’ ဘက်က မတက်ရောက်ခဲ့တဲ့အပေါ် အတည်ပြုပေးနိုင်ခြင်းရှိမရှိလည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖော်ပြထားပါတယ်။

ဒီမေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ms. Mao Ning က ဖြေကြားသွားကြောင်းနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့မြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲလာမှုကိုဂရုပြုမိကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲဖြစ်ပွားတာကို မတွေ့မြင်လိုကြောင်း ဖြေကြားသွားတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာဆွေးနွေးဖို့အတွက် တက်တက်ကြွကြွ တိုက်တွန်းမှာဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်နိုင်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖြေကြားခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို စစ်အစိုးရလို့ သုံးနှုန်းတာမျိုး အရင်က မရှိခဲ့ဘဲ အခုသတင်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သုံးနှုန်းပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၅ ရက်က စစ်ခေါင်းဆောင်ရဲ့ စစ်ကောင်စီမီဒီယာတွေကတဆင့် ပြောဆိုတဲ့ မိန့်ခွန်းမှာလည်း မြောက်ပိုင်းဒေသမှာ စစ်ပွဲတွေ ရှုံးနိမ့်ရခြင်းမှာ တိုင်းရင်းသားတပ်တွေကို ပြည်ပအစိုးရက ကူညီနေတာဖြစ်ကြောင်း တရုတ်အစိုးရကို နာမည်မတပ်ဘဲ စောင်းမြောင်းပြောဆိုခဲ့ပါတယ်။

ပုံ – ဇူလိုင်လ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအရေးနဲ့ပတ်သတ်ပြီး ဖြေကြားနေတဲ့ Ms. Mao Ning (ပုံ – FMPRC)

ဆက်စပ် သတင်းများ

Most read