Homeပြည်တွင်းသတင်းမြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အရေးယူဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ ဂျပန်ကိုယ်စားလှယ်မေးခွန်းထုတ်

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အရေးယူဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ ဂျပန်ကိုယ်စားလှယ်မေးခွန်းထုတ်

၈ ဇွန်၊ ၂၀၂၄

ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမြို့မှာ ဇွန်လ ၃ ရက်က ၁၃ ရက်ထိ ကျင်းပနေတဲ့ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ILO က အရေးယူဖို့ နှောင့်နှေးနေမှုနဲ့ ပတ်သတ်ပြီး ဂျပန်နိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO) ကိုယ်စားလှယ် Mr. Hideyuki SHIMIZU က မေးခွန်းထုတ်လိုက်တယ်လို့ သိရပါတယ်။

သူက “ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အလုပ်သမားရေးရာ လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုတွေကို ဆက်ပြီး ပိတ်ပင်နေပါတယ်။ စစ်အာဏာရှင်ဘက်က ဒီလို လုပ်ဆောင်နေတာကို ILO အနေနဲ့ ညီလာခံမှာ မေးခွန်းထုတ်ရမယ့်အခြေအနေ ဖြစ်ပါတယ်။ ILO ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေ တိုက်တွန်းချက်တွေ ရှိနေပေမဲ့ စစ်ကောင်စီဟာ လိုက်နာခြင်း မရှိခဲ့ပါဘူး။ ဂျပန်နိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO) အနေနဲ့ စစ်ကောင်စီရဲ့ အပြုအမူကို ပြင်းထန်စွာ ရှုံ့ချပါတယ်၊ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)နဲ့ အပြည် ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်-အာရှပစိဖိတ်ဒေသ (ITUC-AP) အပါအဝင် ဒီမိုကရေလိုလားတဲ့ အဖွဲ့တွေကို ဆက်ပြီးထောက်ခံသွားမှာ ဖြစ်ပါတယ်” လို့ ဇွန် ၇ ရက် ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

ဇွန် ၇ရက်မှာပဲ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC)ကလည်း ITUC အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားရေးအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ တိုးတက်လာရန်နဲ့ ဒီမိုကရေစီအရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကူညီပေးခဲ့ပြီး အခုလက်ရှိလည်း ကူညီပေးနေကြောင်း၊ ဆက်လက်ပြီး မြန်မာပြည်သူတွေ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့နဲ့ မြန်မာပြည်သူတွေ ဘဝတိုးတက်ဖို့ ILO ယန္တရားကို အသုံးပြုပြီး ပြင်းပြင်းထန်ထန်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ညီလာခံမှာ တိုက်တွန်းသွားခဲ့တယ်လို့ သိရှိရပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ ဇွန်လ ၆ ရက်ကလည်း မြန်မာစစ်အုပ်စုကို ILO Constitution နဲ့အညီ အရေးယူပေးဖို့၊ NUG အား တရားဝင်အစိုးရအဖြစ် ILO က အသိအမှတ်ပြုဖို့ ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read