Homeပြည်တွင်းသတင်းမဲဆောက်တွင် ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှု ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ လူထုလက်မှတ် ၁၆၇၉ ခုနှင့်အတူ NUG ထံသို့ အိတ်ဖွင့်စာပေးပို့

မဲဆောက်တွင် ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှု ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ လူထုလက်မှတ် ၁၆၇၉ ခုနှင့်အတူ NUG ထံသို့ အိတ်ဖွင့်စာပေးပို့

၁၁ စက်တင်ဘာ၊၂၀၂၄

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်လို့ ထိရောက်စွာ အရေးယူဆောင် ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံသို့ လူထုလက်မှတ် ၁၆၇၉ ခုနဲ့အတူ အိတ်ဖွင့်စာပေးပို့ ပေးလိုက်တယ်လို့သိပါတယ်။

အဆိုပါအမှုကို အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေတဲ့ sisters 2 sisters အဖွဲ့မှ မထိပ်ထားက ဆောင်ရွက် ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့သော တစ်နှစ်ကျော်ကာလကတည်းက ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှု ဖြစ်ရပ်မှာ နစ်နာခဲ့ရသူ ကလေးငယ် Alice လေးအတွက် တရားမျှတနှုနဲ့ ပံ့ပိုးမှု ရရှိရန်လိုအပ်နေတာကြောင့် စက်တင်ဘာ ၁၀ ရက်နေ့ NUG အစိုးရထံ အိတ်ဖွင့်စာပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ၂၀၂၃ ခုနှစ် ဧပြီလ ဖြစ်ပွားခဲ့တဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်လေး တစ်ဦးကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီး ဓမ္မတာနဲ့ ဆန့်ကျင်ကျူးလွန်မှုအပေါ် ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ နယ်ပယ်ဒေသအသီးသီးမှ ပြည်သူ ၁၆၇၉ ဦး လက်မှတ်ရေးထိုးတောင်းဆိုမှုနဲ့အတူ အိတ်ဖွင့် ပေးစာကို NUG ထံ ပေးပို့ထားကြောင်း ၊ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာရတဲ့ တက္ကသိုလ် CDM ဆရာမတစ်ဦးရဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်ကို အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း၊ အဆိုပါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအတွက် တရားမျှတမှုကို အလျှင်အမြန် ဖော်ဆောင် ပေးရန်နဲ့ ကျူးလွန်ခံရတဲ့ ကလေးငယ်နဲ့ မိသားစုကို လုံလောက်သော ပံ့ပိုးကူညီမှုတွေ NUG က ပေးအပ်ဖို့ အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။

အဆိုပါ အမှုကိစ္စကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ အမျိုးသမီးနှင့် ကလေးသူငယ် ဝန်ကြီးဌာန နဲ့ ကလေးမြို့နယ် ပြည်သူ့ရဲ့တပ်ဖွဲ့(တောင်ပိုင်း)မှာ (ပ)၁၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၇ နဲ့ တရား လိုပြုအမှုဖွင့်လှစ်ခဲ့ပေမယ့် လုံလောက်ပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ အရေးယူမှုမျိုး မရှိသေးဘူးလို့ အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အိတ်ဖွင့်ပေးစာမှာ တရားမျှတမှုကို ချက်ချင်း ရရှိစေရန် – ပြစ်မှုကျူး လွန်သူ ဦးအောင်မင်းကို တရားစွဲဆိုမှုများ အရှိန်မြှင့်ပြီး တရားမျှတမှုရရှိစေရေး အလျင်အမြန် ဆောင်ရွက် ပေးပါရန်၊ ကလေးငယ်နှင့် မိသားစုကို ချက်ချင်း အကာအကွယ်ပေးရန်။ ၎င်းတို့အား မည်သည့် အန္တရာယ်နှင့် ခြိမ်းခြောက်မှု သို့မဟုတ် နောက်ထပ် ထိခိုက်မှုများမှ အကာအကွယ်ပေးရမည်ဖြစ်ပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ပေးအပ်ရန် လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

ထို့ပြင် ဘက်စုံပံ့ပိုးကူညီပေးမှုအနေဖြင့် ကလေးအတွက် ဒဏ်ရာနှင့် စိတ်ဒဏ်ရာများကို ဖြေရှင်းရန်အတွက် ဆေးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ စောင့် ရှောက်မှုအတွက် အရေးပေါ်စီစဉ်ပေးပါရန်။ ကလေး၏ ကျန်းမာရေးနှင့် ပြန်လည်ကောင်းမွန်လာရေးသည် ထိပ်တန်းဦးစားပေးရန်၊ ပွင့်လင်း မြင် သာမှုနှင့် တာဝန်ခံမှု ရှိရေး စုံစမ်းစစ်ဆေးမှုနှင့် အရေးယူဆောင်ရွက်မှုများ၏ အပြောင်းအလဲ တိုးတက်မှုအပေါ် အများသူငှာကို ပုံမှန် အသိပေးရန်တို့ကိုလည်း အိတ်ဖွင့်ပေးစာက တောင်းဆိုထားပါတယ်။

အလားတူ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ အစီအမံများ ခိုင်မာ အား ကောင်းရန် – ယခု ဖြစ်ရပ် ကဲ့သို့သော ရာဇ၀တ်မှုများကို တားဆီးရန်နှင့် ကလေး သူငယ်များကို ကာကွယ်ရန် ခိုင်မာသော အစီအမံများကို အကောင် အထည်ဖော်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယခုဖြစ်ရပ်သည် ထိခိုက် လွယ် သော ကလေးသူငယ်များအပေါ် အကာအကွယ် ပေးရန် ပျက်ကွက်မှုကို မီးမောင်းထိုး ဖော်ပြလျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူကို တာဝန်ခံစေရန်နှင့် ကလေးငယ်နှင့် မိသားစုအတွက် လိုအပ်နေသော တရားမျှတမှု၊ ပံ့ပိုးမှု နှင့် အကာအကွယ်များ ရရှိကြောင်း သေချာစေရန်အတွက် ပြတ်ပြတ်သား သားလုပ်ဆောင်ရန် အမျိုးသားညီ ညွတ်ရေးအစိုးရကို တောင်းဆိုထားသည်။

လက်ရှိတွင် အမှုမှာ ၁ နှစ်ကျော်ကြာနေပြီဖြစ်သည့်အတွက် အရေးယူမှုများကို ချက်ချင်း ဆောင်ရွက် ရန်အချိန်ရောက်ပြီဖြစ်ကြောင်း၊ ထိခိုက်ခံစားရသည့် နစ်နာသူများအနေဖြင့် တရားမျှတမှုနှင့် ပံ့ပိုးကူညီမှုများ ရရှိရန်အတွက် ကြာမြင့်စွာစောင့်ဆိုင်းနေရခြင်းမှာ မဖြစ်သင့်ကြောင်း၊ အဆိုပါ ဖြစ်ရပ်ကို ထိရောက်စွာ အရေးယူခြင်းဖြင့် ကလေးများအားလုံး၏ အခွင့်အရေးနှင့် လုံခြုံမှုကို ကာကွယ်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၏ ကတိကဝတ်ကို ပြသရန် ပြည်သူ ၁၆၇၉ ဦးက အိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုး တိုက်တွန်းထားပါတယ်။

Photo – Justice for Alice Coalition

ဆက်စပ် သတင်းများ

Most read