Homeပြည်တွင်းသတင်းမောင်တောမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၄ ခုကို AA သိမ်းပိုက်

မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၄ ခုကို AA သိမ်းပိုက်

၁၅ ဇွန်၊၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်တပ် (၄) တပ်ရင်းဌာနချုပ် အပါအဝင် တပ်စခန်း ၄ ခုကို ရက္ခိုင့်တပ်တော် က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇွန် ၁၄ ရက်နေ့က ထုတ်ပြန် ထား ပါတယ်။

ဇွန်လ ပထမအပတ်အတွင်းမှာ စစ်ကောင်စီတပ်စခန်း ၆ ခုကို အေအေက သိမ်းပိုက်ခဲ့တာကြောင့် ၁၀ ရက်ကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုကို အေအေကသိမ်းပိုက်ထားနိုင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ် သံကျော်စခန်း၊ မောရဝတီဗျူ ဟာတပ်စခန်းနဲ့ နခေါင်းတိုစခန်းတွေကို ဇွန်လ ၁၀ ရက်နေ့နဲ့ ၁၃ ရက်နေ့ တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီ တပ်ဖွဲဝင် (၂၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သလို စစ်လက်နက်အသုံး အဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင် စီတပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ လည်းသိရပါတယ်။

ဆက်လက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့အပါအဝင် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိတဲ့ အမ်းမြို့နဲ့ သံတွဲမြို့က စစ်ကောင်စီတပ် စခန်းတွေကို လည်း ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အေအေက ကြေညာထားပါတယ်။

သံတွဲမြို့နယ်ထဲက ငပလီမြို့မှာလည်း စစ်ကောင်စီတပ်နဲ့ အေအေကြား ဇွန် ၂ ရက်ကတည်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတာကြောင့် ငပလီလေဆိပ်ကို ဇွန် ၃၀ ရက်နေ့ အထိ ဆက်ပိတ်ထားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနတွေက စာထုတ်ပြန်ထားပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read