Homeပြည်တွင်းသတင်းမိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ လူနှစ်ဆယ်ထိ ရှိကြောင်း TNLA ထုတ်ပြန်

မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ လူနှစ်ဆယ်ထိ ရှိကြောင်း TNLA ထုတ်ပြန်

၁၂ နိုဝင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာလ ၁၁ ရက်ည၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီလေတပ်က လေကြောင်းက ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် လူနှစ်ဆယ် သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသွားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရလွေးယေဦးက အတည်ပြုပေးခဲ့တယ်လို့ RFA သတင်းမှာ ရေးသားဖော်ပြပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး လေးဦး ပါဝင်ပြီး ဒဏ်ရာရသူ ၁၃ ဦးထဲမှာတော့ ကလေး တစ်ဦး ပါဝင်တယ်။

လယ်ဦးရပ်ကွက်၊ လူးထရပ်ကွက်နဲ့ မြို့ဦးရပ်ကွက်စတဲ့ လူနေရပ်ကွက်တို့ကို ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ မိနစ် သုံးဆယ်နီးပါး လှည့်ပတ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ပစ်ခတ်ဗုံးကြဲခံရတဲ့နေရာတွေဟာ လူနေရပ်ကွက်တွေဖြစ်တဲ့အတွက် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

“အကုန်လုံးလည်း ကြောက်နေကြတယ်။ တိုက်ပွဲလည်း မဖြစ်ဘူး၊ အေးချမ်းနေပြီဆိုပြီး တချို့ဆို မြို့မှာတောင် ပြန်လာနေကြပြီ၊ ဒါကို ခုလိုဖြစ်တယ်ဆိုတော့ မြို့သူမြို့သားတွေပဲ ဒုက္ခရောက်ပါတယ်” လို့ မိုးကုတ်မြို့ အရှေ့ပိုင်းနေ ဒေသခံက New Day Myanmar ကို ဆိုပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေကို စာရင်းကောက်ယူနေပြီး အပျက်အစီးတွေကိုတော့ TNLA တပ်ဖွဲ့ဝင်တွေက ရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က အောက်တိုဘာ ၃၁ ထိ စာရင်းကောက်ယူမှုအရ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်က ထုတ်ပြန်ထားပါတယ်။

ပုံစာ – နိုဝင်ဘာ ၁၁ ရက် ညသန်းခေါင်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး မိုးကုတ်မြို့အခြေအနေ

Photo – CJ

ဆက်စပ် သတင်းများ

Most read