Homeပြည်တွင်းသတင်းမန္တလေးအထိ စစ်ရေးလှိုင်းတွေ ရောက်လာတဲ့အတွက် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ NUG ဝန်ကြီးချုပ် ပြောဆို

မန္တလေးအထိ စစ်ရေးလှိုင်းတွေ ရောက်လာတဲ့အတွက် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ NUG ဝန်ကြီးချုပ် ပြောဆို

၃၁ ဇူလိုင်၊ ၂၀၂၄

မန္တလေးအထိ စစ်ရေးလှိုင်းတွေ ရောက်လာပြီဖြစ်တဲ့အတွက် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ထားကြဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုပါတယ်။

ဇူလိုင်လ ၃၀ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ရဲ့ (၂၁/၂၀၂၄) အစည်းအဝေးမှာ NUG ဝန်ကြီးချုပ်က စစ်ဆင်ရေးလှိုင်းတွေ မန္တလေးထိ ဆင်းလာတဲ့အတွက် စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍကိုပါ စဉ်းစားပြင်ဆင်ထားဖို့နဲ့ စစ်ဆင်ရေးအခြေအနေတွေ၊ အနေအ ထားတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြီး နယ်မြေဒေသအလိုက်မှာ ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီးအတွက် ဝန်ကြီးဌာနတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ ပြောဆိုတာ ဖြစ်ပါတယ်။

ပြိုလဲနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို အပြီးတိုင် ဖြိုချနိုင်ဖို့နဲ့ တော်လှန်ရေးကို အောင်မြင်စွာ ပွဲသိမ်းနိုင်ဖို့ အချိန်ကိုက်စီမံဖို့ လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မြို့တွေကို သိမ်းပိုက်ပြီး အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်လာနိုင်တာက ယုံကြည်ချက်နဲ့ ကြိုးစားမှုရလဒ်တွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနအားလုံးအနေနဲ့ အချိန်အရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး ပြည်သူတွေအတွက် ဦးစားပေးလုပ်ငန်းတွေကို ပိုမိုအားစိုက်ပေးဖို့ သူက ဆိုပါတယ်။

NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY- PDF) ဟာ စဥ့်ကူးမြို့နယ်က စစ်ကောင်စီ တပ်စခန်းအားလုံးကို ဇူလိုင်လ ၁၇ ရက်မှာ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားပြီး စဉ့်ကူးမြို့ကို PDF MDY ကပဲ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ TNLA နဲ့ ပူးပေါင်းပြီး မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read