Homeပြည်တွင်းသတင်းမင်းတပ်နဲ့ ဖလမ်းမြို့တွေကို စစ်ကောင်စီ လေကြောင်းက နေ့စဉ်တိုက်ခိုက်

မင်းတပ်နဲ့ ဖလမ်းမြို့တွေကို စစ်ကောင်စီ လေကြောင်းက နေ့စဉ်တိုက်ခိုက်

၂၀ နိုဝင်ဘာ၊ ၂၀၂၄

နိုဝင်ဘာ ၉ ရက်က စတင်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB)ဟာ ၁၁ ရက်ရှိနေပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က နေ့တိုင်းလိုလို လေကြောင်းကနေ တိုက်ခိုက်ပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်ကောင်စီတပ်တွေက နေ့တိုင်းလည်း လေကြောင်းက ဗုံးကြဲတယ်၊ အိမ်တွေလည်း မီးရှို့တယ်။ ဒရုန်းနဲ့လည်း ဗုံးသီးချတယ်၊ ဒီဘက်မှာ တိုက်ပွဲက တော်တော် ပြင်းထန်နေတာပါ။ တကယ်တော့ မြို့ကလူတွေကလည်း အားလုံးနီးပါး စစ်ရှောင်နေကြတာ ၊ မြို့ထဲ နည်းနည်းပါးပါးပဲ ကျန်တော့တယ်၊ ဒရုန်းတွေက ကင်းထောက်ပြီးမှ လေယာဉ်က နေရာအတိအကျတွေကို ကြဲတာဆိုတော့ တော်လှန်ရေးအဖွဲ့တွေက လူတွေလည်း တော်တော် ထိတယ်” လို့ မင်းတပ်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက် မနက် ၆ နာရီကျော်မှာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ၃ မိုင် လမ်းခွဲ နှင့် လှေးကောင်းလမ်းခွဲ ကြားက လူနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီနေရာတွေကို မီးရှို့တာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ညသန်းခေါင် ည ၁၁ နာရီ ၄၀ ဝန်းကျင်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံးကို ဂျက်ဖိုက်တာနဲ့ လာရောက်ပြီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖလမ်းနဲ့ မင်းတပ်မှာ စစ်စခန်းတွေကို တိုက်ခိုက်နေတဲ့ (Chin Brotherhood) ချင်းညီနောင်အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ် မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ ပါဝင်ပါတယ်။

ပုံစာ – မင်းတပ်မြို့မှာ မီးရှို့ဖျက်ဆီးခံနေရတဲ့လူနေအိမ်များ

Photo – HKL Mindat

ဆက်စပ် သတင်းများ

Most read