Homeပြည်တွင်းသတင်းဘယ်အဖွဲ့အစည်းဘက်ကမှ ဝင်မပါဘူးလို့ မိုင်းလားအဖွဲ့ ထုတ်ပြန်

ဘယ်အဖွဲ့အစည်းဘက်ကမှ ဝင်မပါဘူးလို့ မိုင်းလားအဖွဲ့ ထုတ်ပြန်

၅ ဩဂုတ်၊ ၂၀၂၄

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနဲ့ ပြည်ပအခြေအနေတွေမှာ ဘယ်ဘက်ကမှ ဝင်မပါဘဲ ဘက်မလိုက်တဲ့ ရပ်တည်ချက်နဲ့ ဆက်ရှိနေမှာဖြစ်ကြောင်း မိုင်းလားအဖွဲ့ – မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)က ထုတ်ပြန်လာပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းက အထူးဒေသ ၄ မိုင်းလားမှာ သြဂုတ်လ ၃ ရက်က ပြုလုပ်တဲ့ ၂၀၂၄ခုနှစ် ပထမနှစ်ဝက် အစည်းအဝေးမှာ မိုင်းလားဒေသ ငြိမ်းချမ်းရေးနဲ့စည်းလုံးရေးကော်မတီ အတွင်းရေးမှူးချုပ်နဲ့ NDAA တပ်မှူးဖြစ်တဲ့ ဦးထိန်လင်းက ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး အမြင်မတူတာတွေကို နိုင်ငံရေးဆွေးနွေးပွဲတွေကနေတဆင့် ဖြေရှင်းကြဖို့နဲ့မိုင်းလားတပ်မတော်အနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်အောင် ဆက်ပြီးကြိုးပမ်းမယ်လို့ NDAA တပ်မှူးဖြစ်တဲ့ ဦးထိန်လင်းက ဆိုပါတယ်။

ရှမ်းပြည်နယ်အရှေ့ ပိုင်း ၊ တရုတ်-မြန်မာနယ်စပ်က မိုင်းလားတပ်မတော်ဟာ ရှမ်းမြောက်မှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေက ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ပြုလုပ်ခဲ့လို့ စစ်ရေးတင်းမာချိန်မှာလည်း ဝင်မပါဘဲ ဘက်မလိုက်မူဝါဒနဲ့ ရပ်တည်မဲ့အကြောင်း ထုတ်ပြောဖူးပါတယ်။

ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မိုင်းလားအဖွဲ့ဟာ ဝတပ်ဖွဲ့ – UWSA ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA)အဖွဲ့တို့နဲ့အတူ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ထားပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီနဲ့ ဒီအဖွဲ့တွေ တွေ့ဆုံခဲ့ပြီး ဝ အဖွဲ့က ဝ ပြည်နယ်တောင်းခဲ့သလို မိုင်းလားကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရရေး တောင်းဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က NDAA မိုင်းလား အဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် တောင်ကြီးမှာ ဆေးကုသမှုခံယူနေရာက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုသွားပြီး ဆေးကုရာမှာလည်း စစ်ကောင်စီက အထူးလေယာဉ်စီစဉ်ပြီး ပို့ဆောင်ပေးခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းများ

Most read