၁၅ မတ်၊၂၀၂၅
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်း (ILO) ရဲ့ ဖွဲ့စည်းပုံ အခြေခံဉပဒေ ပုဒ်မ (၃၃) အရ အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု တွေက ယနေ့ မနက် ဖားကန့်မြို့မှာ #ILO_implement_ Article_33_On_Myanmar_Now_2025 ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ILO စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို လေးစားလိုက်နာ အကောင်အထည်ဖော်မှု လုံးဝ(လုံးဝ) မရှိတဲ့ အတွက် ဘယ်လို အရေးယူဆောင်ရွက်ရမလဲဆိုတာကို မတ်လ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ILO Governing Body -ILO အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးလျှက်ရှိနေပါတယ်။
ဒီအစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူနိုင်ရေး ကချင်ပြည်နယ်ဖားကန့်လူထုကအလိုရှိကြောင်းနဲ့ ဒါကြောင့် ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ပြည်သူ့အသံကို သိရှိစေဖို့အတွက် အခုလိုဆန္ဒပြရခြင်းဖြစ်တယ်လို့ သပိတ် ဉီးဆောင်သူတွေကတော့ ပြောဆိုထားပါတယ်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်(ဖားကန့်မြို့နယ်)ရဲ့ အဖွဲ့ဝင်များ၊ နွေဦးသစ္စာအဖွဲ့၊ နွေဦးရောင်နီ(တာမခံအဖွဲ့)နှင့် ဖားကန့်မှော်လှည့်သပိတ်အင်အားစု စသည့် ဖားကန့်မြို့နယ်မှ အရပ်ဖက်တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo – စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်-ဖားကန့်မြို့နယ်