Homeပြည်တွင်းသတင်းဖားကန့်မှာ ကျောက်မျက်လုပ်ကွက်အပါအဝင်နေရာ ၃ခုကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ပစ်ခတ်

ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်အပါအဝင်နေရာ ၃ခုကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ပစ်ခတ်

၁၃ ဇန်နဝါရီ၊ ၂၀၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက မဇွပ်ယာန်ကျေးရွာနဲ့ ဆန်ခါကျေးရွာက ကျောက်မျက်တူးဖော်ရေးလုပ်ကွက်အပါအဝင် နေရာ ၃ ခုကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၃ ရက်၊ နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန်မှာ စစ်ကောင်စီဘက်က Yak-130 ဂျက်ဖိုက်တာလေယာဉ်နဲ့ ဖားကန့်မြို့နယ်အတွင်းက မဇွပ်ယာန်မှာရှိတဲ့ မနောကွင်း၊ ၊ မြဥယျာဉ်ကုမ္ပဏီ ကျောက်မျက်ဝင်းနဲ့ ဆန်ခါကျေးရွာက ကျောက်မျက်လုပ်ကွက် နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲချပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးထိခိုက် ဒဏ်ရာရစာရင်းအတိအကျမသိရသေးကြောင်းနဲ့ သေဆုံးသူတွေ များပြားနိုင်တယ်လို့ ဒေသခံတွေ ပြောဆိုမှုအရ သိရပါတယ်။

“မဇွပ်ယာန်ကို အရင်ကြဲပြီး ဆန်ခါကို ကြဲတာလို့ ကြားပါတယ် ၊ လူကတော့ ထိခိုက်မှုရှိတယ်၊ လူသေတာများနိုင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီလ ၈ ရက် ညပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်းက ဘွန်နန်ဈေးနားကို လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၁၁ ရက်ကလည်း တနိုင်းက ဆန်လွင် ရွှေလုပ်ကွက်ကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ၁ နှစ်အရွယ်ကလေးငယ်အပါအဝင် လူ ၁၈ဦးသေဆုံးကြောင်း KIA က အတည်ပြုထားပါတယ်။

ပုံစာ – ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်နေရာ(ပုံဟောင်း)

ဆက်စပ် သတင်းများ

Most read